DVB Logo
Home
မြန်မာသတင်း
တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသည့် ဒီဗွီဘီ သတင်းထောက်များ အဆက်အသွယ်မရသေး
DVB
·
June 27, 2017
တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားသည့် ဒီဗွီဘီ သတင်းထောက်များ အဆက်အသွယ်မရသေး
Donate to DVB

 

တပ်မတော်က ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒီဗွီဘီသတင်းဌာနက အကြီးတန်းသတင်းထောက် ဦးအေးနိုင်နဲ့ ဦးပြည့်ဘုန်းအောင်တို့ကို အခုအချိန်အထိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ ဒီကနေ့မနက်ပိုင်းအထိ မိခင်ဌာနနဲ့ အဆက်အသွယ် မရသေးပါဘူး။

ဒီဗွီဘီသတင်းထောက် ၂ ဦးနဲ့ ဧရာဝတီ သတင်းအေဂျင်စီက သတင်းထောက် ၁ ဦး အပါအဝင် အမျိုးသား ၇ ဦးကို နမ့်ဆန်-သီပေါကားလမ်းမှာ တပ်မတော်စစ်ကြောင်းက မနေ့က ဖမ်းဆီးပြီး လားရှိုးရဲစခန်းကို လွှဲပြောင်းအပ်နှံထားတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး က သတင်းထုတ်ပြန်ထားတာပါ။

ဒါပေမယ့် လားရှိုးရဲစခန်းကို ဒီဗွီဘီက သွားရောက်ဆက်သွယ်စုံစမ်းရာမှာတော့ ဒီနေ့ မနက်ပိုင်းအထိ လားရှိုးရဲစခန်းကို ရောက်ရှိမလာသေးပါဘူး။ ဒါ့အပြင် နမ့်ဆန်မြို့နယ် ရဲစခန်းကို ဆက်သွယ်ကြည့်ရာမှာလည်း သတင်းထောက်တွေကို ရဲစခန်းကို လာရောက်လွှဲပြောင်းပေးတာ မရှိဘူးလို့ ပြောပါတယ်။

ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး၊ တာဝန်မှူးက “ဒီအကြောင်းကို ကျနော်တို့ မသိရသေးပါဘူး။ ဒု ပြည်နယ်ရဲမှူးရုံးကို ဆက်သွယ်ကြည့်ပါ” လို့ ဒီဗွီဘီရဲ့ ဆက်သွယ်မေးမြန်းတာကို ဖြေပါတယ်။

လားရှိုးမြို့မှာရှိတဲ့ ဒု-ပြည်နယ်ရဲမှူးရုံးကို ဆက်သွယ်ရာမှာလည်း ဘယ်မှာရှိနေတယ် ဆိုတာ မသိကြောင်းနဲ့ ဒီကိစ္စသူတို့ဆီကို သတင်းမတက်လာသေးဘူးလို့ ပြောပါတယ်။

တပ်မတော်သတင်းမှန် ပြန်ကြားရေး တာဝန်ရှိသူတွေကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းရာ မှာလည်း ဖုန်းပိတ်ထားလို့ ဆက်သွယ်မရခဲ့ပါဘူး။

သတင်းထောက်တွေဟာ တီအန်အယ်လ်အေက ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားကို သွားရောက်သတင်းယူပြီးအပြန်မှာ နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာနားမှာ ဖမ်းဆီးခံခဲ့ရတာပါ။

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး ဒီဗွီဘီ သတင်းဌာနရဲ့ မာလ်တီမီဒီယာ အယ်ဒီတာ ဦးခင်မောင်စိုးက “ကျနော်တို့ မနေ့က ညနေပိုင်းကတည်းက ဒီသတင်းကို ကြားပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်ကိုလည်း ကျနော်တို့ သေသေချာချာ ဖတ်ပါတယ်။ အဲဒီအတွက်ကြောင့်မို့ ပထမဦးဆုံး ကျနော်တို့ ဆက်သွယ်မေးမြန်းတာကတော့ လာရှိုးရဲစခန်းကို မေးပါတယ်။ လားရှိုးရဲစခန်းကို ကျနော်တို့ တတ်နိုင်သလောက် စုံစမ်းပေမယ့်လို့ လားရှိုးရဲစခန်းမှာ မရောက်သေးဘူးလို့ သတင်းကို ရပါတယ်။ အဲဒီအတွက် ဒီနေ့မနက် ၁၁ နာရီအထိ ကျနော်တို့ နမ့်ဆန်ရဲစခန်းကိုလည်း ကျနော်တို့ မေးပါတယ်။ အဲဒီဘက်မှာရော ရောက်ပြီလား။ အဲဒါလည်း မရောက်သေးဘူးလို့ ပြောပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ ထုတ်ပြန်ထားတဲ့ လားရှိုးရဲစခန်းကို အပ်နှံလိုက်တယ်၊ လွှဲပြောင်းလိုက်တယ်ဆိုတဲ့ အချက်က ကျနော်တို့ စုံစမ်းသလောက်တော့ မဟုတ်မမှန်ဘူးလို့ ကောက်ချက်ချရမလို ဖြစ်ပါတယ်။ အဲဒီအတွက် ကျနော်တို့အနေနဲ့ကတော့ တော်တော်လေး စိုးရိမ်စိတ် ဖြစ်နေပါတယ်” လို့ ပြောပါတယ်။

သတင်းသမားတွေဟာ သတင်းထောက်တွေရဲ့ တာဝန်ကို ထမ်းဆောင်ရင်း ခုလို ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ ဦးခင်မောင်စိုးက ပြောပါတယ်။

“ဒီသတင်းထောက်တွေက မူးယစ်ဆေးဝါး ဆန့်ကျင်တိုက်ဖျက်ရေးပွဲအတွက် သတင်းသွားယူတာ ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အကြီးတန်းသတင်းထောက် ကိုအေးနိုင်၊ ကိုပြည့်ဘုန်းအောင် ဒီလူတွေကလည်း သတင်းသမားတွေအနေနဲ့ အတိအလင်း နှစ်ရှည်လများ ရပ်တည်နေတာ ဖြစ်ပါတယ်။ ဒီသတင်းသမားတွေ သတင်းသွားယူတယ်ဆိုတဲ့အချက်က သိပ်သေချာတဲ့အချက်ပါ။ ဒါပေမယ့်လို့ အခု ပြောထားတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားတဲ့အထဲမှာဆိုရင် ဒါဟာ တရားမဝင်တဲ့အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုတဲ့ပုံမျိုး ပြောထားတဲ့အတွက်ကြောင့်မို့လို့ အများကြီး အဓိပ္ပာယ်ကောက် လွဲမှားသွားမှာကို ကျနော်တို့ စိုးရိမ်ပါတယ်။ တကယ်ကတော့ သတင်းသမားတွေ သတင်းသွားယူတယ်၊ အဲဒါကို တပ်မတော်ကနေပြီးတော့ ဖမ်းဆီးထားတယ်၊ ထိန်းသိမ်းထားတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးပဲ ရှိပါတယ်။ ဒီနေ့ ဒီအချိန်တိုင် မနက် ၁၁ နာရီအထိ စုံစမ်းချက်အရတော့ ဘယ်နေရာမှာ ရောက်နေမှန်းကို ကျနော်တို့ မသိသေးပါဘူး။ အဲဒီအတွက် ကျနော်တို့ တပ်မတော်ကိုလည်းပဲ ဆက်သွယ်ပြီး မေးမြန်းနေပါတယ်။ ဒါပေမယ့် တပ်မတော်ဘက်က တိတိကျကျ ဖြေကြားချက်ကိုတော့ ဘာမှ မရသေးပါဘူး။”

ဖမ်းဆီးခံထားရတဲ့ သတင်းထောက်တွေကို ချက်ခြင်းပြန်လွှတ်ပေးဖို့ ယူကေ အခြေစိုက် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(အေအိုင်) က ကြေညာချက်ထုတ်ပြန် တောင်းဆိုထား ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013