DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
တိုင်းရင်းသားစုဖွဲ့မှုတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘာတွေသက်ရောက်လာမလဲ - အယ်ဒီတာစကားဝိုင်း
DVB
·
June 27, 2017
တိုင်းရင်းသားစုဖွဲ့မှုတွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘာတွေသက်ရောက်လာမလဲ - အယ်ဒီတာစကားဝိုင်း
Donate to DVB


ဒီတပတ်ဆွေးနွေးမယ့် အကြောင်းအရာကတော့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီပေါ့၊ တိုင်းရင်းသားလူမျိုးတွေ စုဖွဲ့ထားတဲ့အဖွဲ့က ညီလာခံတခုကို ချင်းမိုင်မြို့မှာ ကျင်းပနေပါတယ်။ ဒီညီလာခံမှာ ကချင် အပါအဝင် တိုင်းရင်းသားအဖွဲ့ ၄ ဖွဲ့ကို နုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။ ရှိတဲ့တိုင်းရင်းသားတွေထဲမှာ အားလုံးပေါင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ ရှိပါတယ်။ အန်စီအေဆိုတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကို လက်မှတ်ထိုးထားတာ ၈ ဖွဲ့ ရှိပါတယ်။ အဲဒါနဲ့ပတ်သက်လို့ တိုင်းရင်းသားတွေ စုဖွဲ့မှုနဲ့ မြန်မာပြည်ငြိမ်းချမ်းမှု ဘာတွေသက်ရောက်လာမလဲ ဆိုတာကို ဆွေးနွေးမှာ ဖြစ်ပါတယ်။ ဒီတပတ်ဆွေးနွေးမယ့် သူတွေကတော့ နိုင်ငံရေးဆောင်းပါးရှင် ဦးအေးမောင်ကျော်နဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးတို့ ဖြစ်ပါတယ်။

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“အန်စီအေလက်မှတ်ကိုလည်း သူတို့က စညှိပါတယ်။ အခု နောက်ဆုံးအခြေအနေမှာတော့ တဖြည်းဖြည်းနဲ့ ၅ ဖွဲ့ပဲ ကျန်တော့တာပေါ့။ ဒါဟာ မြန်မာပြည် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ဘယ်လောက်အရေးပါတယ်၊ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာ ပထမဆုံး သုံးသပ်ပေးပါ။”

ဦးအေးမောင်ကျော် (နိုင်ငံရေးဆောင်းပါးရှင်)

“ယူအန်အက်ဖ်စီဆိုတာကတော့ စပြီး ဦးဆောင်ဖွဲ့တဲ့အထဲမှာ ကေအိုင်အေတို့က အဓိကပဲလေ။ ယူအန်အက်ဖ်စီသမိုင်းမှာဆိုရင် သိပ်မကြာသေးပါဘူး၊ ဒါ ပြီးခဲ့တဲ့ ဦးသိန်းစိန် အစိုးရသက်တမ်းမှာ စပြီးတော့ ဖြစ်လာတဲ့ကိစ္စတွေပေါ့။ အဲဒီတော့ ငြိမ်းချမ်းရေး ဆွေးနွေးရာမှာလည်း ယူအန်အက်ဖ်စီနဲ့ အဓိက။ သူတို့ အဲဒီထဲကနေ အန်စီစီတီ ဆိုပြီးတော့ ကိုယ်စားလှယ်အဖွဲ့တွေ ရွေးကြတာပေါ့။ ဒီကြားထဲမှာ သဘောထားချင်း မတိုက်ဆိုင်လို့ ကေအန်ယူက နုတ်ထွက်သွားတာရှိတယ်။ အခု နောက်ဆုံးပိတ်မှာ တဖြည်းဖြည်းနဲ့ ထပ်ထပ်ပြီးတော့ ကွဲပြဲလာတဲ့သဘောပေါ့လေ။ အခု နောက်ဆုံး ၉ ဖွဲ့မှာ ၄ ဖွဲ့ကို ထွက်ခွင့်ပြုလိုက်တယ်ဆိုတဲ့ သဘောပေါ့။ အဲဒီထဲမှာ အဓိက ကေအိုင်အေကိုယ်တိုင် ပါနေတယ်ပေါ့လေ။ ကျန်တဲ့ ၅ ဖွဲ့မှာ သိပ်အင်အားကြီးတဲ့အဖွဲ့တွေ မပါတော့ဘူး။ ပြန်ပြီးတော့ စုဖွဲ့သွားတာ မြောက်ပိုင်းမဟာမိတ် ဆိုပြီးတော့ အဲဒီမှာ စုဖွဲ့သွားတယ်။ ဒါတွေကတော့ ဒီလိုပါပဲ။ တအား အထူးအဆန်းကြီးတော့လည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာက ဒီလိုမျိုး အရင်တုန်းကလည်း ရှိခဲ့ဖူးတယ်။ မဒညတ တို့၊ မဒတ တို့ စသဖြင့် တိုင်းရင်းသားတွေအနေနဲ့ အရင်တုန်းက နိုင်ငံရေးပါတီတွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်တာ။ နောက် တိုင်းရင်းသားချည်းပဲ လုပ်တာပေါ့။ အဲဒီလိုပဲ ပြိုကွဲသွားကြတယ်။ ပြည်တွင်းစစ်ကလည်း ရှည်ကြာတဲ့အခါကျတော့ သူ့အဆင့်တွေ အပြောင်းအလဲတွေမှာ အခုဆိုရင် နောက်ဆုံးအဆင့်ပေါ့။ ဒီမိုကရေစီ ဖက်ဒရယ်စနစ် ဦးစီးပြီးသွားမယ့်၊ ရှေးရှုပြီးသွားမယ့် အခြေအနေမျိုးမှာ အစိုးရကလည်း လူထုရဲ့မန်းဒိတ် (Mandate) အပြည့်အဝရထားတဲ့ အခြေအနေမျိုးပေါ့လေ။ တပ်ဘက်ကလည်း အရင်တုန်းကထက်စာရင် အခြေအနေ တစုံတရာ တိုးတက်လာတဲ့ အခြေအနေမျိုးမှာ တိုင်းရင်းသားတွေ ပြန်ပြီး စုဖွဲ့သွားတယ်။ အဲဒါတွေကို ဒီလိုပဲ မြင်တွေ့ရတယ်ပေါ့။ ဒါက အင်အားဆိုင်ရာ ပြဿနာမှာ သိပ်ပြဿနာမရှိပါဘူး။ ဒါပေမယ့် ညှိနှိုင်းတဲ့ကိစ္စတွေမှာ အစိုးရနဲ့ ဘယ်လိုဆက်ပြီး ညှိနှိုင်းမယ်၊ တပ်နဲ့ ဘယ်လိုလုပ်ကြမလဲ ဆိုတာတော့ အပြောင်းအလဲတွေ ရှိလိမ့်မယ် ထင်တယ်။”

ဦးတိုးဇော်လတ် (ဒီဗွီဘီ)

“ဆရာအေးမောင်ကျော်ကတော့ ဒါ ဖြစ်လေ့ဖြစ်ထရှိတဲ့ တိုင်းရင်းသား စုဖွဲ့မှုတွေပေါ့နော်။ ပုံစံတခု ပြောင်းသွားတယ်ပေါ့။ အဲဒါနဲ့ပတ်သက်လို့ပဲ ဆရာမောင်မောင်စိုးကို မေးပါရစေ။ အခု အန်စီအေ လက်မှတ်ထိုးထားတဲ့ ၂၁ ဖွဲ့ထဲမှာ ၈ ဖွဲ့ပဲ ရှိတော့တယ်။ မထိုးတဲ့အဖွဲ့ရှိမယ်၊ ထိုးတဲ့အဖွဲ့ ကျန်မယ်။ ပြီးတော့ မြောက်ပိုင်းမဟာမိတ်ပေါ့။ နောက်ထပ် ၇ ဖွဲ့ပေါ့။ ထပ်ပြီးတော့ ပေါ်လာတယ်။ ဒီဟာတွေ အခုနောက်ဆုံး တိုင်းရင်းသားစုဖွဲ့မှုတွေဟာ နောက်လာမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဘာတွေများ သက်ရောက်မှုရှိလဲ။ ဆရာ့အနေနဲ့ ဘယ်လိုသုံးသပ်လဲ၊ ဖြည့်စွက် ဆွေးနွေးပေးပါဦး။”

ဦးမောင်မောင်စိုး (နိုင်ငံရေး လေ့လာသုံးသပ်သူ)

“လက်ရှိ ငြိမ်းချမ်းရေးဆွေးနွေ့းပွဲဖြစ်စဉ်မှာ ယူအန်အက်ဖ်စီမှာ အများဆုံး စုထားတယ်။ ယူအန်အက်ဖ်စီကလည်းပဲ အန်စီအေ လက်မှတ်စထိုးကတည်းက အဖွဲ့ဝင်တွေ လျော့လျော့သွားတာ။ တနှစ်အကြာမှာ နောက်ထပ် တပ်ပေါင်းစုအသစ်တခု ပေါ်လာတာ။ ယူအန်အက်ဖ်စီကတော့ အားပျော့သွားပြီ။ အားပျော့သွားတာက တိုင်းရင်းသား တပ်ပေါင်းစုကြီးတခုလုံး အားပျော့သွားတာ မဟုတ်ဘူး။ မြောက်ပိုင်းမှာ တိုင်းရင်းသားအဖွဲ့ ၇ ဖွဲ့ပါတဲ့ တပ်ပေါင်းစုအသစ် ပေါ်လာတယ်။ ဒါကတော့ တိုင်းရင်းသား တပ်ပေါင်းစုသမိုင်းမှာတော့ သိပ်ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ တိုင်းရင်းသားတွေက သူတို့ အင်အားနည်းတဲ့အခါမှာ အင်အားစုစည်းနိုင်အောင် သူတို့ ကြိုးစားကြတယ်။ ဒါပေမယ့် အင်အားစုစည်းဖို့ ကြိုးစားတိုင်းမှာလည်း သူတို့မှာ အကန့်အသတ်တွေ ရှိတယ်။ သူတို့ရဲ့ နယ်မြေအနေအထား၊ သူတို့ရဲ့ ဘဏ္ဍာအနေအထား၊ သူတို့ တပ်အင်အားအနေအထား။ အဲဒီအနေအထားအပေါ်မှာ သူတို့ စုစည်းကြတယ်။ အခုကတော့ မြောက်ပိုင်းတပ်ပေါင်းစုအသစ် ပေါ်လာတာဟာ အင်အားနဲ့ နယ်မြေအပေါ်မှာ ဆက်စပ်တဲ့ အခြေခံပေါ်မှာရယ်၊ တပ်မတော်ရဲ့ လက်ရှိထိုးစစ်တွေအပေါ်မှာ ရင်ဆိုင်ဖို့ရယ်၊ အဲဒီမှာ ပြင်ဆင်ဖို့လို့ ကျနော်က မြင်တယ်။ ဒီလိုဆိုလို့ ယူအန်အက်ဖ်စီနဲ့ ဆွေးနွေးတာလည်း ဆက်ဆွေးနွေးရမှာပဲ။ အင်အားနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ။ ယူအန်အက်ဖ်စီမှာလည်း မထွက်တာ တဖွဲ့ကျန်သေးတယ်။ အက်စ်အက်စ်ပီပီ မထွက်သေးဘူး။ ဒါပေမယ့် အက်စ်အက်စ်ပီပီက မြောက်ပိုင်း ၇ ဖွဲ့မှာ ပါပြီးသား။ ဖိုင်နယ်မှာ အက်စ်အက်စ်ပီပီ ဘယ်လိုဆုံးဖြတ်မလဲဆိုတာ စောင့်ကြည့်ရဦးမယ်။ ကျနော့်ရဲ့ တဦးချင်းအမြင်အရ ပြောရရင် ဖိုင်နယ်မှာ အက်စ်အက်စ်ပီပီက မြောက်ပိုင်း ၇ ဖွဲ့နဲ့ အတူတူ ဆုံးဖြတ်လိမ့်မယ်လို့ မျှော်လင့်တယ်။ အခုက လက်နက်ကိုင်အင်အား ၈၀ ရာခိုင်နှုန်းရှိတဲ့ မြောက်ပိုင်း ၇ ဖွဲ့ကို ငြိမ်းချမ်းရေးစားပွဲပေါ် ရောက်အောင် ဘယ်လိုလုပ်မလဲဆိုတဲ့ ပြဿနာကို ဖြေရှင်းဖို့လိုတယ်။ ဒါပေမယ့် လောလောဆယ်မှာ ဒီရက်ပိုင်းမှာ ထွက်လာတဲ့ သတင်းအရ တရုတ်ကနေတဆင့် ဆွေးနွေးဖို့ ကမ်းလှမ်းတယ်။ ဒါပေမယ့် ခွဲတွေ့ဖို့ ငြိမ်းချမ်းရေးကော်မရှင်ဘက်က ကမ်းလှမ်းတယ်လို့ ကျနော်တို့ ကြားရတယ်။ တီအန်အယ်လ်အေ၊ ကိုးကန့်၊ အေအေ… သုံးဖွဲ့ကို တဖွဲ့၊ ကျန်တဲ့ ကေအိုင်အိုနဲ့ ဝ၊ အက်စ်အက်စ်ပီပီ၊ မိုင်းလား လေးဖွဲ့ကို တဖွဲ့ အဲဒီလို ခွဲတွေ့ဖို့ ဒီဘက်က ပြင်ဆင်တယ်လို့ သိရတယ်။ ဟိုဘက်က လက်မခံဘူး။ ဒီကိစ္စကို ဘယ်လိုညှိနှိုင်းမလဲဆိုတာ တော်တော်အရေးကြီးတဲ့ပြဿနာ၊ ရှေ့တန်းရောက်တဲ့ ပြဿနာ ဖြစ်လာမယ်လို့ ကျနော် ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က ကြားဝင်စေ့စပ်မှုနဲ့ ၇ ဖွဲ့ ရောက်လာတာတောင်မှ ဒါ တဖွဲ့ချင်း သီးခြားဖိတ်တဲ့အနေနဲ့ အစိုးရက လုပ်ထားတာ။ သူတို့ရဲ့ကော်မတီကို အသိအမှတ်မပြုထားဘူး။ နောက်ဆုံး တည်းခိုခန်း နေရာချတာကအစ ခွဲခြားထားတယ်။ ဒေါ်အောင်ဆန်းစုကြည် တွေ့တာကိုက ခွဲတွေ့တယ်။ ဒီ ၇ ဖွဲ့ကော်မတီကို ဒီနေ့အထိ အသိအမှတ်မပြုသေးဘူး။ ဒီအသိအမှတ်မပြုတဲ့ ပြဿနာနဲ့ သူတို့ စားပွဲဝိုင်းပေါ် ရောက်အောင် ဘယ်လိုလုပ်မလဲဆိုတာတော့ လောလောဆယ်မှာ အရေးအကြီးဆုံး ပြဿနာ ဖြစ်လိမ့်မယ် ထင်တယ်။”

အပြည့်အစုံကို ရုပ်သံဖိုင်တွင် ကြည့်ရှုနိုင်ပါသည်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013