DVB Logo
Home
မြန်မာသတင်း
လှည်းကူးကျူးကျော်များ နေပြည်တော်အထိ ချီတက်လမ်းလျှောက်ဆန္ဒပြ
DVB
·
June 26, 2017
Donate to DVB

ကျူးကျော်တွေအတွက် မြေဧက ၅၀ ကျော် ချထားပေးဖို့ အစိုးရကို တောင်းဆိုထားတာ ခွင့်ပြုမပေးဘဲ အင်အားသုံး ဖယ်ရှားတဲ့အတွက် ရန်ကုန် လှည်းကူးမြို့နယ်အတွင်းက ကျူးကျော်အချို့ဟာ နေပြည်တော်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးဘေး လှည်းကူးမြို့နယ်အတွင်းက ကျူးကျော် ၄၀၀၀ ကျော်ကို ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်ကစတင်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အင်အားသုံး ဖယ်ရှားရှင်းလင်းခဲ့ပါတယ်။

အဲဒီအတွက် လှည်းကူးမြို့နယ် ကံ့ကော်ကျွန်းကျေးရွာအနီးက စားကျက်မြေပေါ်မှာ တရားမဝင် နေထိုင်ခဲ့ကြတဲ့ အိမ်ခြေ ၅၀၀က ပြည်သူတွေဟာ ဇွန်လ ၁၅ နေ့စတင်လမ်းလျောက် ဆန္ဒထုတ်ဖော်ခဲ့တဲ့အတွက် ဇွန်လ ၂၆ ရက်နေ့မှာ နေပြည်တော်ကို ရောက်ရှိ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။

၂၀၁၄ ခုနှစ်ကတည်းက ကျူးကျော်တွေအတွက် အစိုးရက တရားဝင်မြေဧက ၅၀ ကျော်ကို မိမိအမည်နဲ့ တရားဝင်ချထားပေးဖို့ တင်ပြခဲ့ပေမယ့် ခွင့်ပြုမပေးဘဲ အခုလို အင်အားသုံး ဖယ်ရှားတဲ့အတွက် မြေနေရာပြန်လည်ရရှိဖို့ ဆန္ဒပြတာဖြစ်ဖြစ်တယ်လို့ ဆန္ဒပြတဲ့ အမျိုးသားတဦးကပြောပါတယ်။

“သစ်ခင်းစိုက်နေတာ ၁၅ နှစ်လောက်ရှိသွားပြီ အဲနေရာမှာ။ အဲကနေ တစ်ယောက်စု နှစ်ယောက်စုကနေ အိမ်ခြေ အလုံး ၅၀ လောက်ရှိသွားပြီ။ အလုံး လေးငါးဆယ်လောက်ရှိ သွားတော့ အဲမှာ ကျနော်က ကျနော့် နာမည်နဲ့ စာတင်လိုက်တယ်။ စာတင်လိုက်ချိန်မှာ ကျနော်က မြေဧက ၅၈ ဧက ကိုစာတင်လိုက်တယ်။ အဲဒီ သတင်းကိုကြားတော့ ဟိုကလာ ဒီကလာနဲ့ပေါ့ဗျာ။ ကျနော်ထဲကို ရေးဘေးသင့် ပြည်သူတွေလည်းပါတယ်။ စစ်ဘေးသင့်တွေလည်း ပါတယ်။ လခနည်း ဝန်ထမ်းတွေလည်း ပါတယ်။ သူတို့လာပြီးတော့ မေးတယ်။ ရောင်းတာလားပေါ့။ ကျနော်က ကျနော့်မြေ မဟုတ်ဘူး။ ရောင်းပိုင်ခွင့်လည်း မရှိဘူး။ အခုတော့ ကျနော်တို့ ဒီလို ခြံဝိုင်းခတ်ပြီး နေနေတာတော့ ရှိတယ်။ ခင်ဗျားတို့ နေမယ်ဆိုရင် ရွာပုံပေါက်အောင်တော့ လမ်းတွေ ဖောက်ရမယ်။ ကျောင်းတွေ ဆောက်ရမယ်လို့ ကျနော်ရှင်းပြတယ်။ အဲဒီမှာ သူတို့ ထည့်ဝင်ငွေ တွေနဲ့ အုပ်ဝယ်နိုင်ရင် အုပ်ဝယ်တယ်။ အဲလိုပုံစံနဲ့ ဆောက်လာခဲ့တာလေးကို အခုလို ဖျက်ပစ်တော့ စိတ်မကောင်းဘူးဗျာ။”

အခု ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ကံ့ကော်ကျွန်းကျေးရွာအနီးက ကျူးကျော်နေထိုင်သူတွေ ကိုတော့ ဦးမောင်နိုင် အပါအဝင် ကန့်ကော်ကျွန်းကျေးရွာက ရပ်မိရပ်ဖ ၁၁ ဦးအဖွဲ့က မြေပိုင်ရှိမရှိ စစ်ဆေးခွင့်ပြုပြီး နေထိုင်ခွင့်ပြုခဲ့တာ ဖြစ်တယ်လို့လည်း နေအိမ်တွေ ဖျက်ခံခဲ့ရသူတွေက ပြောပါတယ်။

၂၀၁၄ နှစ်ကုန်ပိုင်းမှာ အိမ်ခြေ ၅၀ လောက်နဲ့ စတင်ခဲ့တဲ့ ကန့်ကော်ကျွန်းကျေးရွာ မှာ ၂၀၁၅ ခုနှစ်မှာတော့ အိမ်ခြေ ၅၈၀ အထိရှိလာခဲ့ပါတယ်။

NLD အစိုးရတက်လာပြီးနောက်ပိုင်း ကျူးကျော်တွေကို မြေနေရာသက်မှတ်ချထားပေး မယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့တာကြောင့်  လာရောက်နေထိုင်သူတွေ များလာခဲ့တာလို့  ကံ့ကော်ကျွန်းရွာသားတဦးက ပြောပါတယ်။

“အစကတော့ ကျေးရွာအတွင်းက အိမ်ငှားနေသူတွေကို ပေ ၄၀×ပေ ၆၀ မြေကွက်တွေ ရိုက်ပြီး နေခိုင်းတယ်။ ကျေးရွာရဲ့ လူကြီးတွေကပေါ့။ အဲသတင်းကို ကြားတော့ တခြားနေရာတွေ ကနေလည်း လာနေတဲ့သူတွေအများကြီးပဲ ရောက်လာတယ်။ အခုဆိုရင် တိုင်းရင်းသားပေါင်းစုံ ရှိတယ်။ ဝန်ကြီးချုပ်က ပြောထားတယ်။ ကျူးကျော်တွေကို မြေနေရာ သတ်မှတ်ပေးမယ်ဆိုတဲ့ စကားကို ယုံကြည်ပြီး လာတဲ့သူတွေ အများကြီးပဲ။ အခုလည်း ယုံကြည်ပါတယ်”

လှည်းကူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းဘေးကနေ နေပြည်တော်အထိ လမ်းလျှောက်ဆန္ဒပြတဲ့ အမျိုးသား၊ အမျိုးသမီး အယောက် ၂၀ ဝန်းကျင်လောက်ဟာ မိုးတွင်းကာလ ဖြစ်တဲ့အတွက် လမ်းတလျှောက်လုံးမှာ အခက်အခဲတွေရှိခဲ့ပေမယ့် အစိုးရအနေနဲ့ မြေနေရာတခု ပြန်လည်ချထားပေးမယ်လို့ ယုံကြည်ချက်နဲ့ လာရောက်ခဲ့တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013