ယီမင်နိုင်ငံထဲက အီရန်နဲ့ မဟာမိတ်ဖွဲ့ထားတဲ့ ဟူသီသူပုန်တွေက ဆော်ဒီအာရေဗျအပေါ် ရေကြောင်းကနေ ပိတ်ဆို့နေတယ်လို့ ဇူလိုင် ၂၀ ရက်မှာ ပြောပါတယ်။
ဒီလုပ်ရပ်က ဒေသတွင်း ပဋိပက္ခကို ပိုဆိုးရွားစေပြီး ပင်လယ်ကွေ့ပြင်ပ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ထောက်ပံ့မှုနဲ့ ကုန်သွယ်မှုကို အနှောင့်အယှက်ပေးမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။
ဟူသီလက်နက်ကိုင်တပ်ဖွဲ့က ကြေညာချက်တစောင် ထုတ်ပြန်ရင်း “မျက်လုံးတလုံးအတွက် မျက်လုံးတလုံး” ညီမျှခြင်းအပေါ် အခြေခံပြီး ရာဇဝတ်ကောင် ရန်သူအပေါ် ရေကြောင်းပိတ်ဆို့မှုကို ချက်ချင်း အကျိုးသက်ရောက်စေရမယ်လို့လည်း ကြေညာခဲ့ပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ဆော်ဒီက ယီမင်နိုင်ငံအပေါ် ချမှတ်ခဲ့တဲ့ “မတရားပြီး ဖိနှိပ်ချုပ်ချယ်တဲ့ ဝိုင်းရံပိတ်ဆို့မှု” ကို တုံ့ပြန်တာလို့လည်း ပြောပါတယ်။
ဆော်ဒီအာရေဗျကတော့ ချက်ချင်းမတုံ့ပြန်ပါဘူး။ ပင်လယ်နီဆီ တောင်ပိုင်းဝင်ပေါက်ဖြစ်တဲ့ ဘာဘ် အယ်လ်-မန်ဒက်ဘ် ရေလက်ကြားကို လုံးဝပိတ်လိုက်တာဟာ ဆော်ဒီအာရေဗျကနေ အာရှဆီ ရေနံတင်ပို့မှုကို ရပ်တန့်စေပြီး ကမ္ဘာလုံးဆိုင်ရာ ရေနံထောက်ပံ့မှုကို ၇ ရာခိုင်နှုန်း လျော့ကျနိုင်ပါတယ်။
အီရန်စစ်ပွဲကတော့ ကမ္ဘာလုံးဆိုင်ရာ ရေနံစီးဆင်းမှုကို အကြီးအကျယ် ဖြတ်တောက်ခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့မှုကို ၁၀ ရာခိုင်နှုန်း လျော့ကျခဲ့တာပါ။
အခုမေးခွန်းက ဆော်ဒီဆိပ်ကမ်းတွေကို ဦးတည်နေတဲ့ သင်္ဘောတွေကို ပစ်မှတ်ထားမလား ဆိုတာပါပဲ။
ဒီအဆင့်မှာ ရှင်းလင်းတဲ့အဖြေ မရှိသေးပါဘူးလို့ ယီမင်လေ့လာသုံးသပ်သူနဲ့ ဝါရှင်တန်အခြေစိုက် အန္တရာယ်အကြံပေးကုမ္ပဏီ ဘာရှား Report ရဲ့ တည်ထောင်သူ မိုဟာမက် အယ်လ်ဘာရှာက ပြောပါတယ်။
“သင်္ဘောတွေ တိုက်ခိုက်ခံရတာမျိုး မရှိရင်တောင်မှ ဒီကြေညာချက်တခုတည်းက သင်္ဘောတင်ပို့မှုကို အနှောင့်အယှက်ဖြစ်စေပြီး ဆော်ဒီဆိပ်ကမ်းတွေအတွက် မရေမရာမှုတွေ ဖန်တီးပေးနိုင်ပါတယ်။ ဟူသီတွေဟာ ခြိမ်းခြောက်မှုတွေကနေ တိုက်ရိုက်လုပ်ဆောင်မှုဆီ ရွေ့လျားသွားမလား ဆိုတာက အရေးကြီးတဲ့ကိစ္စပါပဲ။”
ဒီအဖွဲ့က ဆော်ဒီအာရေဗျကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ပြီး ဆော်ဒီနဲ့ အီရန်မဟာမိတ် ဟူသီအဖွဲ့ကြား ပဋိပက္ခမှာ ၄ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးကို ထိခိုက်စေခဲ့ပါတယ်။
Source: Reuters











