မူးယစ်ဆေးဝါးတိုက်ဖျက်ရာတွင် အနုပညာနယ်ပယ်က အထိရောက်အောင်မြင်ဆုံးဖြစ်ဟုဆို
မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ဆောင်ရာမှာ အနုပညာနယ်ပယ်က အအောင်မြင်ဆုံးနဲ့ အထိရောက်ဆုံးဖြစ်တယ်လို့ ဒီနေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးစားပြုမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အခမ်းအနားမှာ စစ်ကိုင်းတိုင်း နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်က ပြောပါတယ်။
ဒီအခမ်းအနားကို ဒီကနေ့မနက်က မုံ၇ွာမြို့မှာ ကျင်းပရာမှာ နယ်/လုံဝန်ကြီး အပါအဝင် ရဲတပ်ဖွဲ့ဝင်တွေ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တရားသူကြီးချုပ်၊ စီမံ/ဘဏ္ဍာဝန်ကြီးတို့ အပြင် ဆရာဆရာမတွေနဲ့ ကျောင်းသူကျောင်သားတွေ တက်ရောက်ခဲ့ပါတယ်။
နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီးကျော်သန့်နိုင်က “မူးယစ်ဆေးဝါးဟာ လူဖြစ်ရှုံးစေတဲ့အပြင် တိုင်းပြည်အတွက်လည်း လူ့စွမ်းအားအရင်းအမြစ်တွေ ယုတ်လျော့စေပါတယ်။ ဒါကြောင့် ကောင်းကျိုးမပေးတဲ့ မူးယစ်ဆေးဝါးကို မသုံးစွဲမိစေရေးအတွက် မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ အသိပညာပေးဟောပြောပွဲတွေကို ပြည်သူလူထုကြား၊ ကျောင်းသားလူငယ်တွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့လည်း လိုအပ်နေပါတယ်။အဲလိုလုပ်ဆောင်ရာမှာလည်း စာပေ၊ ဂီတ၊ ကာတွန်း၊ ပန်းချီ၊ ပိုစတာ စတဲ့ အနုပညာနယ်ပယ်က ပိုမိုထိရောက်မှုရှိတယ်”လို့ ပြောသွားပါတယ်။
မူးယစ်ဆေးဝါးအန္တရာယ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့တင်မက ပြည်သူအားလုံးမှာလည်း တာဝန်ရှိတာကြောင့် ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ ၂၀၁၇ ဇန်နဝါရီမှ မေလကုန်ထိ မူးယစ် အမှုပေါင်း ၄၄၅ မှု ဖမ်းဆီးခဲ့ပြီး တရားခံ ၇၁၂ ဦးကို တရားစွဲဆိုထားတယ်လို့ ဆိုပါတယ်။











