
မြန်မာနိုင်ငံမှာ တိုင်းရင်းသားမီဒီယာကဏ္ဍဟာ အားနည်းချက်တွေရှိနေသလို ဖွံ့ဖြိုးတိုးတက်ဖို့လိုအပ်နေတယ်လို့ နိုင်ငံတာကာ မြန်မာသတင်းဌာန(BNI) စီမံဒါရိုက်တာ ဦးညိုမင်းက ပြောပါတယ်။
တိုင်းရင်းသားမီဒီယာ ဖွံ့ဖြိုးတိုးတက်မြင့်မားလာစေဖို့ရည်ရွယ်ချက်နဲ့ ၅ ကြိမ်မြောက် တိုင်းရင်းသားမီဒီယာညီလာခံကို BNI နိုင်ငံတာကာ မြန်မာသတင်းက ကြီးမှူးပြီး ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဇွန် ၂၆ ရက်မှ ၂၈ ရက်အထိ ၃ ရက်တာကျင်းပနေတာပါ။
ဆွေးနွေးပွဲမှာ ပြည်နယ်တွေအတွင်းက မီဒီယာထုတ်မှု၊ မီဒီယာဈေးကွက် ရေရှည်တည်တံ့ ခိုင်မြဲရေး၊ တိုင်းရင်းသားမီဒီယာမူဝါဒမူဘောင်ချမှတ်နိုင်ရေးနဲ့၊ သတင်းရယူပိုင်ခွင့်စတဲ့ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
နိုင်ငံတာကာ မြန်မာသတင်း စီမံဒါရိုက်တာ ဦးညိုမင်းကတော့ ကယားပြည်နယ်မှာ ကျင်းပရတာဟာ ကယားပြည်နယ်ဟာ အသေးဆုံးပြည်နယ် တခုဖြစ်သလို မီဒီယာ ဖွံ့ဖြိုးမှု အားနည်းနေတာကြောင့်လည်း ကယားပြည်နယ်ကိုရွေးပြီး ကျင်းပရတာဖြစ်တယ်လို့ ပြောပါတယ်။
ဒီညီလာခံမှာတော့ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိ ၊ ပြန်ကြားရေး ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေမြင့်၊ တခြားဖိတ်ကြားတဲ့မီဒီယာအဖွဲ့တွေ၊ အန်ဂျီအိုတွေ အပြင် အထူးဧည့်သည်တွေအဖြစ် နိုင်ငံရေးပါတီဝင်တွေ၊ လူမှုအဖွဲ့အစည်းတွေကတာဝန်ရှိသတွေ တက်ရောက်ခဲ့ကြပါတယ်။
တိုင်းရင်းသားမီဒီယာညီလာခံကို ၂၀၁၃ ခုနှစ်က မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တကြိမ် ၂၀၁၄ ခုနှစ်မှာ ရှမ်းပြည်နယ် တောင်ကြီး၊ ၂၀၁၅ မှာတော့ ချင်းပြည်နယ် ဟားခါနဲ့ ၂၀၁၆ ရခိုင်ပြည်နယ် မြောက်ဦးမြို့တွေမှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။
အရင်ပြီးခဲ့တဲ့ တိုင်းရင်းသားမီဒီယာညီလာခံက ဆုံးဖြတ်ချက်တွေဟာ အကောင်အထည်ဖော်ဖို့ အားနည်းတာတွေရှိသလို အစိုးရနဲ့ နိုင်ငံတာကာရဲ့ ပံ့ပိုးမှု အားနည်းနေတာတွေကြောင့်လည်း အချိန်အထိ ဆုံးချက်အနေနဲ့ဘဲ ရှိသေးတယ်လို့ နိုင်ငံတာကာ မြန်မာသတင်း စီမံဒါရိုက်တာ ဦးညိုမင်းက ပြောပါတယ်။










