DVB Logo
Home
Lead Story
မြောက်ကိုရီးယားနဲ့ အမေရိကန် တက္ကသိုလ်ကျောင်းသား ရုတ်တရက် သေဆုံးမှု
DVB
·
June 26, 2017
မြောက်ကိုရီးယားနဲ့ အမေရိကန် တက္ကသိုလ်ကျောင်းသား ရုတ်တရက် သေဆုံးမှု
Donate to DVB

 

အော့တို ဝမ်ဘီယား ဆိုတဲ့ အမေရိကန် တက္ကသိုလ် ကျောင်းသားတယောက်ဟာ ၁၈ လနီးပါးကြာ မြောက်ကိုရီးယားနိုင်ငံမှာ အကျဉ်းကျခံနေရာက ပြန်လွတ်မြောက်လာခဲ့လို့ အမေရိကန်နိုင်ငံကို ပြန်ရောက်လာပြီး ရက်ပိုင်းအတွင်း ရုတ်တရက် သေဆုံးသွားခဲ့တဲ့ သတင်းဟာ ကမ္ဘာ့စာနယ်ဇင်းတွေမှာ ပျံ့နှံ့သွားခဲ့ပါတယ်။

သူဟာ  ၁၉၉၆ ခုနှစ်ကတည်းက မြောက်ကိုရီးယားနိုင်ငံက ဖမ်းဆီးခံထားရတဲ့ အမေရိကန်နိုင်ငံသား ၁၆ ယောက်ထဲက တယောက် ဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၁၈ လ လောက်က မြောက်ကိုရီးယားနိုင်ငံကို ကမ္ဘာလှည့်ခရီးသည်တယောက်အဖြစ် ဝင်ရောက်သွားခဲ့ပြီး သူ တည်းခိုနေတဲ့ ဟိုတယ်ဧည့်ခန်းထဲက ဝါဒဖြန့်ပိုစတာတခုကို ခိုးယူဖို့ ကြိုးစားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဖမ်းခံခဲ့ရပြီး သူလျှိုလို့ သတ်မှတ်ခံရတဲ့အတွက် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် အပြစ်ဒဏ် ချမှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။

အမေရိကန်အစိုးရက ဝမ်ဘီယားရဲ့ လွတ်မြောက်ရေးအတွက် သံတမန်ရေးအရ အားထုတ်ကြိုးပမ်းခဲ့ပေမယ့် မြောက်ကိုရီးယားနိုင်ငံက ပြန်လွှတ်မပေးခဲ့ပါဘူး။

အဲဒီတုန်းက အသက် ၂ဝ သာသာပဲရှိသေးတဲ့ ဝမ်ဘီယား တယောက်ကတော့ အကျဉ်းချခံရပြီး တလအကြာမှာ အကြောင်းရင်း မသိရဘဲ မေ့မြောရာဂါကို ခံစားနေခဲ့ရပါတယ်။ မြောက်ကိုရီးယား အာဏာပိုင်တွေကတော့ ဝမ်ဘီယားဟာ ဘတ်ချာလင်နမ် ဘက်တီးရီးယားကြောင့်ဖြစ်ရတဲ့ အစာအဆိပ်သင့်မှုနဲ့ အိပ်ဆေးကြောင့် မြောရောဂါ ဖြစ်ရတာလို့ ဆိုပါတယ်။ ဒီအဆိုကိုတော့ အမေရိကန် ဆရာဝန်တွေက သံသယ ရှိခဲ့ကြပါတယ်။ ဒါပေမယ့် မြောက်ကီုးယား အာဏာပိုင်တွေက လူသားချင်း စာနာထောက်ထားမှု အကြောင်းပြချက်နဲ့ ၂ဝ၁၇ ခုနှစ် ဇွန်လမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။ သူဟာ အိုဟိုင်းဝိုးပြည်နယ် ဆင်ဆင်နာထီကို ဇွန်လ ၁၃ ရက်နေ့မှာ ရောက်ရှိလာခဲ့ပြီး သူ့ကို ချက်ချင်း ရောဂါစူးစမ်း ပြုစုကုသမှုပေးဖို့ ဆင်ဆင်နာထီ တက္ကသိုလ်ဆေးရုံကို ခေါ်ယူသွားခဲ့ကြပါတယ်။ ဆရာဝန်တွေက သူ့ရောဂါကို “ပြင်းထန်တဲ့  အာရုံကြောဒဏ်ရာ” ခံစားနေရတာဖြစ်တယ်လို့ ရောဂါသတ်မှတ်ပေးခဲ့ပါတယ်။ ဒီတက္ကသိုလ် ကျောင်းသားလူငယ်ကလေးဟာ အမေရိကန်ပြည်ထောင်စုကို ပြန်ရောက်ပြီး ၆ ရက်အကြာ၂၀၁၇ ခုနှစ် ဇွန်လ ၁၉ ရက် နေ့မှာ ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ သူ့ရဲ့သေဆုံးရမှုနဲ့ ပတ်သက်ပြီး အမေရိကန် အရာရှိတွေကတော့ မြောက်ကိုရီးယားနိုင်ငံကို အပြစ်တင်ခဲ့ကြပါတယ်။ တကယ်တော့ မြောက်ကိုရီးယားလို နျူကလီးယား စမ်းသပ်မှု ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေနဲ့ စစ်ရေးအရ ခြိမ်းခြောက်မှုကို စနစ်တကျ ဝါဒဖြန့်လုပ်ကိုင်ရင်း သူ့နိုင်ငံပတ်လည်မှာ ရှိနေတဲ့ အင်အားကြီးနိုင်ငံတွေက အလျှော့ပေး လိုက်လျောမှု ရရှိအောင်၊ တင်းမာမှုတွေဖြစ်အောင် ပြဿနာကို မီးမွှေးရှာနေတဲ့ နိုင်ငံအဖို့ သူလျှိုလို့ သူတို့ ယူဆဖမ်းဆီး ထောင်ချထားတဲ့ အော့တိုဝမ်ဘီးယားလို နှစ်ရှည်ပြစ်ဒဏ် ချထားတဲ့ လူတယောက်ကို ၁၈ လလောက်နဲ့ ပြန်လွှတ်တယ် ဆိုတာကတော့ နားလည်ဖို့ အတော်ခက်ခဲပါတယ်။ ဘာဖြစ်လို့ ခုလို ပြန်လွှတ်တာပါပါလဲ။ ဒါက စဉ်းစားစရာပါ။

တကယ်တော့ အော့တိုဝမ်ဘီယာဟာ မြောက်ကိုရီးယားကို ခရီးထွက်တဲ့အချိန်မှာ ဗာဂျီးနီးယား တက္ကသိုလ်မှာဥပစာ တန်းတက်ခါစပဲ ရှိပါသေးတယ်။ ၂၀၁၅ ခုနှစ်အကုန် သူ တရုတ်နိုင်ငံကို ခရီးသွားနေတုန်း ကုမ္ပဏီတခုက ကြေညာတဲ့ မြောက်ကိုရီးယားခရီးစဉ်ကို စိတ်ဝင်စားသွားခဲ့မိတာ ဖြစ်ပါတယ်။ ခရီးသွားကုမ္မဏီ ပိုင်ရှင်ရဲ့ “ခရီးစဉ်ကတော့ ခင်ဗျားတို့ မိဘတွေက ခင်ဗျားတို့ကို မသွားစေချင်တဲ့ ခရီးစဉ်ပါ” ဆိုတဲ့ ဆောင်ပုဒ်က ဝမ်းဘီယာလို လူငယ်လေးတွေကို ပစ်မှတ်ထားခဲ့တာလို့ ဆိုရမှာပါပဲ။

ဝမ်းဘီယားရဲ့ အဖေ ဖရက်ဒ်ကတော့ တရုတ်ပြည်အခြေစိုက် ခရီးသွားကုမ္မဏီ ‘ငယ်ရွယ်သူ ခရီးသွားရှေ့ဆောင်’ က အဲဒီခရီးစဉ်ဟာ အမေရိကန် နိုင်ငံသားတွေအတွက် လုံခြုံဘေးကင်းတယ်လို့ ကြေညာထားခဲ့တာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ စွန့်စားသွားလာတတ်တဲ့ ဗြိတိသျှလူမျိုး အရောင်းမန်နေဂျာ ဒင်နီဂရတ်တန်ဟာ ပြုံယမ်းကို ထွက်ခွာဖို့ လေယာဉ်ပေါ် အတူတက်ရင်း ဝမ်းဘီးယားနဲ့ ဘေဂျင်းမှာ တွေ့ခဲ့တာပါ။ အဲဒီကတည်းက သူတို့နှစ်ယောက်ဟာ မိတ်ဆွေဖြစ်သွားခဲ့ကြပြီး ခရီးစဉ်မှာ ခရီးဖော်တွေ ဖြစ်သွားခဲ့ကြတာ ပြုံယမ်းမှာ ဝမ်ဘီးယား အဖမ်းခံခဲ့ရတဲ့ အချိန်အထိပဲလို့ ဆိုပါတယ်။

ဝမ်ဘီးယားဟာ ‘ငယ်ရွယ်သူ ခရီးသွားရှေ့ဆောင်’ ကုမ္ပဏီရဲ့ စုစည်းစီစဉ်မှုနဲ့ တခြား အမေရိကန်နိုင်ငံသား ၁ဝ ယောက်နဲ့အတူ မြောက်ကိုရီးယားနိုင်ငံကို ၅ ရက် ခရီးသွားခဲ့တာပဲ ဖြစ်ပါတယ်။ သူဟာ ပြုံယမ်းမြို့တော်က ယင်းဂတ်ဒို အပြည်ပြည်ဆိုင်ရာ ဟိုတယ်မှာ တည်းခိုနေထိုင်ရင်း ဟိုတယ်ဝန်ထမ်း သီးသန့်နေရာက ဝါဒဖြန့်ပိုစတာတခုကို ခိုးယူဖို့ ကြိုးစားခဲ့တာကို တွေ့သွားခဲ့တာပါ။ သူကတော့ အမှတ်တရပစ္စည်းတခုအဖြစ် ရယူဖို့ ကြိုးစားခဲ့တယ်လို့ ယူဆရပါတယ်။ ဒါပေမယ့် အဲဒီပိုစတာက မီးခဲဖြစ်တယ် ဆိုတာကို သူ မသိခဲ့လို့လည်း ဖြစ်နိုင်ပါတယ်။ ပိုစတာမှာ ရေးထားတာက “ကင်ဂျုံအီးရဲ့ မျိုးချစ်ဝါဒနဲ့အတူ ကျနော်တို့ ကိုယ့်ဘာသာ အားကောင်းကောင်း လက်နက်တပ်ဆင်ကြပါစို့” ဆိုတဲ့ စာသားနဲ့အတူ တွဲနေတဲ့ မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ဓာတ်ပုံ ဒါမှမဟုတ် နာမည်က အန္တာရယ်ပါ။ အဲဒါကို ထိပါးရင် မြောက်ကိုရီးယားအစိုးရက တကယ့်ကြီးလေးတဲ့ ရာဇဝတ်မှုလို့ သဘောထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီခိုးမှုကို ပြသဖို့ နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်းဌာနက ၂ဝ၁၆ ခုနှစ် မတ်လ ၁၈ ရက်နေ့က ထုတ်လွှင့်တဲ့ ၁၈ စက္ကန့်ကြာ ပြတ်သားမှုနိမ့် ဗီဒီယိုမှာတော့ နံရံပေါ်က ပိုစတာကိုဖြုတ်ပြီး ကြမ်းပြင်ပေါ်ကို ချထားတာ၊ နံရံမှာမှီပြီး ထောင်ထားတာတွေကို လုပ်နေတဲ့သူက မမှတ်မိနိုင်လောက်တဲ့ ပုံပါ။ အဲဒီလှုပ်ရှားမှုကို ၂ ကြိမ် ပြသအပြီး ပိုပြီးပြတ်သားမှု အားကောင်းတဲ့ နံရံပေါ်က ပိုစတာကို ပြသလိုက်ပါတယ်။ ဗီဒီယိုပိုင်းကို ပြနေတဲ့အချိန်မှာတော့ ပိုစတာကို ဖြုတ်နေတဲ့သူရဲ့ မျက်နှာကို မမြင်ရပါဘူး။ သက်သေမခိုင်လုံဘူးလို့ ပြောမယ်ဆိုရင် ပြောလို့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ဘီးယားကို ကိုရီးယားအာဏာပိုင်တွေက သူ မြောက်ကိုရီးယားနိုင်ငံက ပြန်လည်ထွက်ခွာဖို့ ပြုံယမ်းအပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မသွားခင်မှာ ဖမ်းဆီးလိုက်ပါတယ်။ အဲဒီဖမ်းဆီးမှုကို သူနဲ့ မိတ်ဆွေဖြစ်နေတဲ့ အရောင်းမန်နေဂျာ ဂရတ်တာ တွေ့မြင်ခဲ့ပါတယ်။

ဂရတ်တာရဲ့ အပြောအရ “ဘာစကားမှ မပြောပါဘူး။ အစောင့် ၂ ယောက် ရောက်လာပြီး အော့တိုကို သူတို့က ပုခုံးကို ချုပ်ကိုင်ပြီး ဆွဲခေါ်သွားတာပါပဲ။ ကျနော် အတော်စိတ်လှုပ်ရှားသွားပါတယ်။ ဟုတ်ပြီ၊ ဒါ ကျနော်တို့ နောက်ဆုံးတွေ့ကြရတာပဲ” လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ အဲဒါဟာ သူက ဝမ်ဘီးယားကို နောက်ဆုံးအကြိမ် ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရတဲ့အချိန်ဖြစ်ပြီး ဝမ်ဘီးယားက ဘာမှ မငြင်းဆန်ခဲ့သလို ကြောက်ရွံ့ပုံလည်း မရဘူး၊ ယဲ့ယဲ့လေးတောင် ပြုံးလိုက်တာကို သူ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဝမ်ဘီးယားနဲ့အတူ မြောက်ကိုရီးယားကို ခရီးသွားခဲ့တဲ့ တခြားသူတွေကတော့ ဘာပြဿနာမှမရှိဘဲ မြောက်ကိုရီးယားက ပြန်ထွက်ခွာနိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား ကေစီအင်အေ သတင်းဌာနကတော့ “နိုင်ငံကို ရန်လိုတဲ့ လုပ်ရပ် တခုပါပဲ”လို့ သတင်းထုတ်လွှင့်သွားခဲ့ပါတယ်။ အဲဒီလိုခိုးမှုကျူးလွန်ဖို့ ကြိုးစားခဲ့မှုနဲ့ ပတ်သက်ပြီး ဝမ်ဘီးယားက ဝန်ခံပြောဆိုခဲ့ပြီး ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝမ်ဘီးယားက သူဟာ အဲဒီလို ကျူးလွန်ခဲ့တဲ့ အကြောင်းနဲ့ သူဟာ အဲဒီပိုစတာကို အမေရိကန်ပြည်ထောင်စုကို ယူဆောင်သွားဖို့ ခိုးယူခဲ့တယ်ဆိုတဲ့ ဝန်ခံချက်ကို ပြင်ဆင်ထားတဲ့ ထုတ်ပြန်ချက်နဲ့ ထပ်ပြီး ဖတ်ပြခဲ့တယ်လို့ သတင်းမီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ ဝမ်ဘီးယားဟာ အဲဒီဝန်ခံချက်ကို ခြိမ်းခြောက် ဖိအားပေးခံရလို့ လုပ်ခဲ့တာလား ဆိုတာကတော့ မသိနိုင်ခဲ့ပါဘူး။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဒုတိယညွှန်ကြားရေးမှူး ဖီလ် ရောဘတ်ဆန်ကတော့ တရားမဝင် တရားရုံးမှာ ကြားနာစစ်ဆေးခဲ့တဲ့ အမှုပဲလို့ ပြောကြားခဲ့ပါတယ်။

၂၀၁၆ ခုနှစ် မတ်လ ၁၆ ရက်နေ့ အမေရိကန်ပြည်ထောင်စုရဲ့ သံတမန် ဘီလ်ရစ်ချတ်ဆန်က ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယားသံတမန် ၂ ယောက်ကို ဝမ်ဘီးယားကို လွှတ်ပေးဖို့ ဖိအားပေးပြောဆိုပြီးတဲ့အချိန်မှာတော့ ဝမ်ဘီးယားဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ပြစ်ဒဏ်ပေးခံရပြီး ဖြစ်ပါတယ်။ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကတော့ “အတော်ချောက်ချား ထိတ်လန့်တုန်လှုပ်စရာ” ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မတ်တုန်နာကလည်း မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံရေးအကြောင်းရင်းခံတွေနဲ့သာ အမေရိကန်နိုင်ငံသားတွေကို ဖမ်းဆီးနေတာဖြစ်ပြီး ပြောနေတာတွေကတော့ တလွဲတွေသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဝမ်ဘီးယားဟာ သူ တရားရင်ဆိုင်နေရတဲ့ လတွေ နောက်ပိုင်းမှာ သူ့ဦးနှောက်ကို ပျက်စီးစေနိုင်တဲ့ ရောဂါသတ်မှတ်လို့ မရတဲ့ ဆေးဝါးဘက်ဆိုင်ရာ အန္တရာယ်ကို ခံစားခဲ့ရပါတယ်။ သူ့ကျန်းမာရေးအခြေအနေနဲ့ ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံ ပြင်ပက လူတွေအားလုံးကို ထုတ်ဖော်ပြောဆိုမှု မရှိခဲ့ပါဘူး။

၂၀၁၇ ခုနစ် မေလထဲမှာ ဝမမ်ဘီယားရဲ့ အဖေနဲ့ အမေက သူတို့က သူတို့သားကိစ္စကို အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံအကြား ညှိနှိုင်းဆွေးနွေးမှုရဲ့ အစိတ်အပိုင်းတရပ်အဖြစ် ပါဝင်စေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ သူတို့က သူ့သားရဲ့ခံစားရမှုတွေနဲ့ပတ်သက်ပြီး ငြိမ်ငြိမ်သက်သက် နေကြဖို့ သမ္မတဟောင်း ဘားရက်အိုဘားမားရဲ့ တာဝန်ရှိအရာရှိတွေက တိုက်တွန်းပြောဆိုတာတွေလည်း ရှိခဲ့တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဒါတွေဟာ ဘာဖြစ်လို့ပါလဲ။ နိုင်ငံချင်းဖြစ်နေတဲ့ တင်းမာမှုတွေ မကျေလည်မှုတွေဟာ သာမန်ပြည်သူလူထုကို သက်ရောက်မှု ရှိလာနေပြီလားလို့ စဉ်းစားရမယ့် အခြေအနေ ဖြစ်နေပါပြီ။ အဲဒီလို စဉ်းစားသင့်တဲ့ အခြေအနေတွေဟာ နိုင်ငံရပ်ခြားတွေတင်သာမကဘဲ ကျနော်တို့ မြန်မာနိုင်ငံမှာလည်း ဖြစ်ပေါ်နေတယ်လို့ ပြောလို့ရနိုင်တဲ့ အခြေအနေတွေကို တွေ့မြင်နေရပြီ ဖြစ်တဲ့အကြောင်း။ 

စိုးနေလင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013