ပုဂံတွင် ရှုခင်းကြည့်ရန် ရှေးဟောင်းကန်ဘောင်များ မြှင့်တင်နေ

ပုဂံမှာ ရှုခင်းကြည့်ဖို့အတွက် ရှေးဟောင်းကန်ဘောင်တွေကို မြှင့်တင်နေပေမယ့် ဧည့်သည်တွေကတော့ စိတ်မဝင်စားကြဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နေဝင်၊ နေထွက် ရှုခင်းတွေကိုကြည့်ဖို့ ရှေးဟောင်း စေတီပုထိုးတွေပေါ်တက်တာကို ရေရှည်မှာ ခွင့်ပြုလို့ရတော့မှာ မဟုတ်ဘူးလို့ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပြီးနောက်ပိုင်း ရှေးဟောင်းရေကန်တချို့ရဲ့ ဘောင်တွေကို မြေဖို့ မြှင့်တင်နေတာပါ။
“ကိုမောက်ကန်က ပြီးသွားပြီ။ အခု လက်စသတ်ပြီး မြက်စိုက်တာ၊ အောက်ဘက်မှာ ကျောက်စီတာတွေ လုပ်နေတယ်။ ပြီးတော့ စူဠာမဏိကန်နဲ့ ညောင်လက်ဖက်ကန်တွေကတော့ ပြီးလုနီးပါဖြစ်နေပါပြီ” လို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောပါတယ်။
ဒီ ၃ ကန်ရဲ့ ကန်ဘောင်တွေ မြှင့်တင်ဖို့ ငွေကျပ် သိန်း နှစ်ထောင်လောက် ကုန်တယ်လို့လည်း သူက ပြောပါတယ်။ ပုဂံမှာရှိနေတဲ့ ရှေးဟောင်းရေကန်တွေရဲ့ ဘောင်တွေကို ရှုခင်းကြည့်ဖို့ ကုန်းမြင့်လေးတွေဖြစ်အောင် တချို့နေရာတွေမှာ မြေဖို့လိုက်တာ ဖြစ်ပါတယ်။
ဒါပေမယ့် ခရီးသွားတွေကတော့ ဒီကုန်းမြင့် ကန်ဘောင်တွေပေါ်ကနေ ရှုခင်းကြည့်ဖို့ စိတ်မဝင်စားကြဘူးလို့ ပုဂံဒေသခံတွေက ပြောပါတယ်။ “ကန်ဘောင်တွေက ဖို့မြေတွေက မိုးရွာတော့ ကွဲသွားတယ်လေ။ မြေတွေက ပျော့နေတယ်။ ကိုင်စရာလက်ရန်း မရှိဘူး။ နေပူရင် ခိုစရာ အရိပ်မရှိဘူး။ ကိုမောက်ကန်ဆိုရင် ဘုရားတွေနဲ့ ဝေးတယ်။ ပြဿဒ်ကြီးနဲ့ စူဠာမဏိကိုပဲ နီးနီးကပ်ကပ်မြင်ရတာ။ ကျွန်တော်ဧည့်သည်တွေ ခေါ်သွားဖူးတယ်။ ဘယ်သူမှ မကြိုက်ကြဘူး” လို့ ပုဂံဒေသခံ ဧည့်လမ်းညွှန် ကိုမျိုးဆက်စံက ပြောပါတယ်။
ကိုမောက်ကန်ကို ဘောင်ဖို့တုန်းက ကန်ထဲက မြေကိုမသုံးရပဲ တခြားက မြေတွေ ဖို့ခဲ့ရတာကြောင့် အသားမကျတာဖြစ်တယ်လို့ ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြောပါတယ်။
ဧည့်သည်တွေလာလည်တဲ့ ပထမရက်တွေမှာ တက်လို့ရတဲ့ ဘုရားတွေပေါ်က တက်ကြည့်ထားကြတာမို့ ကန်ဘောင်ပေါ်က ကြည့်ရတာ မကြိုက်ပေမယ့် ပြဿနာ မရှိဘူးလို့ ဒေသခံ ဧည့်လမ်းညွှန်တွေက ပြောပါတယ်။
လက်ရှိမှာတော့ အပေါ်တက်ကြည့်လို့ရတဲ့ ဘုရားစေတီက ၁၅ ဆူလောက်ပဲ ရှိတော့တာပါ။
“စေတီအကြီးတွေကိုတက်လို့ မရတော့ လှေကားပါတဲ့ အလယ်အလတ် စေတီတွေကို တက်ကြည့်နေကြတယ်။ ပုဂံကိုလာတဲ့ ဧည့်သည်တိုင်းက ဒီခံစားချက်ကို လိုချင်လို့ လာကြတာလေ” လို့ ကိုမျိုးဆက်စံက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် သြဂုတ် ၂၄ ရက်က အင်အားပြင်း ငလျင်လှုပ်ခဲ့တာကြောင့် ပုဂံမှာ ဘုရားစေတီတွေ အပါအဝင် ရှေးဟောင်းအဆောက်အအုံပေါင်း ၄၀၀ လောက် ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါတွေကို ပြန်ပြင်ဖို့ ဇွန်လ ၁၆ ရက်နေ့အထိ အလှူငွေ အမေရိကန်ဒေါ်လာ ၁၀ သိန်းကျော်နဲ့ ကျပ်သန်း ၅ ထောင်ကျော် ရရှိထားပြီလို့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင်ဆန်းဦးက ပြောပါတယ်။











