
ကမ္ဘာမှာ ကလေးစစ်သားတွေကို အဆိုးရွားဆုံး အသုံးပြုတဲ့နိုင်ငံတွေ စာရင်းကနေ မြန်မာနဲ့ အီရတ်နိုင်ငံတွေကို ပယ်ဖျက်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်က စီစဉ်နေတယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူတွေရဲ့ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာ သတင်းမှာဖော်ပြပါတယ်။
အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ပုံဖော်နေတဲ့ နိုင်ငံခြားရေးဌာန ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာဌာနကျွမ်းကျင်သူတွေရဲ့ကန့်ကွက်အကြံပြုချက်တွေကို ဥပက္ခာပြုပြီး ခုလိုစာရင်းကနေ ပယ်ဖျက်ဖို့ စီစဉ်နေတာလို့ ဌာနတွင်းဆွေးနွေးမှုတွေကို သိရှိတဲ့ အမေရိကန်အစိုးရ တာဝန်ရှိသူ တယောက်ကပြောတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဖဂနစ္စတန်နိုင်ငံကို ကလေးစစ်သားအသုံးပြုတဲ့ နိုင်ငံစာရင်းမှာထည့်သွင်းဖို့ ဌာနတွင်း အဆိုပြုချက်ကိုလည်း နိုင်ငံခြားရေးဝန်ကြီး တေလာဆန်က ပယ်ချခဲ့တယ်လို့လည်း တခြား အမေရိကန်အရာရှိတွေက ပြောတယ်လို့လည်း ဆိုပါတယ်။
ကလေးစစ်သား အသုံးပြုတဲ့နိုင်ငံစာရင်းမှာပါတဲ့ နိုင်ငံခြားစစ်တပ်တွေဟာ အမေရိကန်ရဲ့ စစ်ရေးအကူအညီ အထောက်အပံ့တွေ၊ စစ်သင်တန်းတွေနဲ့ အမေရိကန်ထုတ် စစ်လက်နက်တွေ လက်ခံရဖို့ တားမြစ်ပိတ်ပင်ခံရနိုင်တာ ဖြစ်ပါတယ်။
မြန်မာကို ကလေးစစ်သားအသုံးပြုတဲ့စာရင်းကနေ ပယ်ဖျက်ဖို့ လုံးဝအချိန်မတန် သေးတဲ့အကြောင်းနဲ့ ကလေးငယ်တွေ ဆက်လက်ပြီး ပိုမိုခိုင်းစေခံရ၊ အခွင့်အရေး ချိုးဖောက်ခံရဖို့ အတွက် အားပေးရာရောက်တယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၃ ရက်ကမှာ အရွယ်မရောက်သေးတဲ့ ကလေးစစ်သား ၆၇ ဦးကို မြန်မာ့တပ်မတော်က ပြန်လွတ်ပေးခဲ့တာဖြစ်ပါတယ်။
၂၀၁၂ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ကလေးစစ်သားတွေကို တပ်မတော်က ပြန်လွှတ်ပေးခဲ့တာ ၁၄ ကြိမ်ရှိခဲ့ရာ စုစုပေါင်း ၈၇၇ ဦး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ တပ်မတော် တရားဝင် ထုတ်ပြန်ချက်အရသိရပါတယ်။











