
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သုဓမ္မ၀တီမြို့သစ်၊ သထုံ-ဘားအံ ကားလမ်းပေါ်မှာ ဒီနေ့မနက်ပိုင်းက GI Group ရန်ကုန်-မြ၀တီ ခရီးသည်တင်မှန်လုံယာဉ်တစ်စီး လမ်းချော်တိမ်းမှောက်ခဲ့လို့ နိုင်ငံခြားသားတဦးအပါဝင် ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
သုဓမ္မဝတီနယ်မြေရဲစခန်းမှ တာဝန်ရှိသူတဦးက "မနက်က မိုးရွာနေပြီး လမ်းကလည်း အကွေ့လိုဖြစ်နေတော့ လမ်းချော်ပြီး တိမ်းမှောက်သွားတာပါ။ ခရီးသည်အားလုံး ၂၆ ဦးပါတာ၊ ၃ ဦးပဲ ထိခိုက်ဒဏ်ရာရပြီး ကျန်တဲ့သူတွေတော့ ဘာမှမဖြစ်ပါဘူး''လို့ပြောပါတယ်။
ခရီးသည်တင်မှန်လုံယာဉ်ဟာ သုဓမ္မ၀တီမြို့သစ်၊ သဇင်လမ်းထိပ် အနီး၊ ရန်ကုန်-ဘားအံ ကားလမ်း၊ မိုင်တိုင်အမှတ် ၂/၄ နှင့် ၂/၅ အကြားမှာ လမ်းချော်ပြီး လမ်းဘေးထိုးကျ တိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရသူတွေကတော့ ပြင်သစ်နိုင်ငံသား Mr Julien Daniel Robert နဲ့ အမျိုးသမီးနှစ်ဦးတို့ ဖြစ်ပြီး မစိုးရိမ်ရဘူးလို့ ရဲစခန်းက ပြောပါတယ်။
မှန်လုံယာဉ်မောင်း ဦးကျော်တင်အား သုဓမ္မ၀တီမြို့သစ်ရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈ အရ အမှုဖွင့် စစ်ဆေးဆောင်ရွက်ထားတယ်လို့ ဆိုပါတယ်။
သတင်း - ယူမင်းစိုး











