DVB Logo
Home
မြန်မာသတင်း
အဖွဲ့ချုပ် ဘေး ၃ မျိုးရင်ဆိုင်နေရ၊ သမိုင်းတရားခံမဖြစ်စေရန် ပါတီဝင်များကို သတိပေး
DVB
·
June 24, 2017
အဖွဲ့ချုပ် ဘေး ၃ မျိုးရင်ဆိုင်နေရ၊ သမိုင်းတရားခံမဖြစ်စေရန် ပါတီဝင်များကို သတိပေး
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့  ဖိနှိပ်ခံရခြင်းဘေးက လွတ်မြောက်ခဲ့ပေမယ့် ရင်ဆိုင်ရမယ့်ဘေး ၃ မျိုးကျန်နေသေးတယ်လို့ ပါတီထိပ်တန်းခေါင်းဆောင်တဦးက ပါတီဝင်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။

ဒီကနေ့ မနက် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရုံးချုပ်မှာ စတင်ကျင်းပတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမ၊ ဗဟိုကော်မတီ၊ သတ္တမအကြိမ်အစည်းဝေးမှာ  သဘာပတိ အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ဦးအောင်ကြည်ညွန့်က အဖွင့်မိန့်ခွန်းပြောဆိုခဲ့တာပါ။

“ကျနော်တို့ ဖိနှိပ်ခံရခြင်းဘေးက ကျော်လွှားခဲ့ပြီလို့ ပြောနိုင်ပါတယ်။ အခုဆက်ပြီး ရင်ဆိုင်ရမယ့် ဘေး ၃ မျိုးကျန်နေပါတယ်။ ပထမတမျိုးကတော့ မွေးစားခံရခြင်းဘေး၊ မွေးစားခံရမယ့်ဘေးက ရှောင်ရှားနိုင်အောင် ကြိုးစားဖို့လိုပါတယ်။ ဒုတိယဘေးကတော့ မွေးစားလို့ မရဘူးဆိုရင် ကျနော်တို့ကို ခုတုံးလုပ်ကြပါလိမ့်မယ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ခုတုံးလုပ်ကြပါလိမ့်မယ်၊ အဲဒီ ခုတုံးလုပ်ခံရခြင်းဘေး ရင်ဆိုင်ရဖို့ရှိပါတယ်၊ သတိထားဖို့လိုပါတယ်။ နောက်ဆုံးဘေးကတော့ အတွင်းက လာပါတယ်၊ အင်မတန်မှ ကြောက်စရာကောင်းပါတယ်၊  အဲဒါဘာလဲဆိုတော့  ထောင်လွှားခြင်းဘေးဖြစ်ပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဟာ ပြည်သူနဲ့အတူတူသွားနေတာဖြစ်လို့  အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဗဟိုကော်မတီဝင်တွေနဲ့ ပါတီ အဆင့်ဆင့်က ပုဂ္ဂိုလ်တွေအားလုံး  ပြည်သူတွေကို မောက်မောက်မာမာနဲ့ မဆက်ဆံဖို့ကိုလည်း တိုက်တွန်းသွားပါတယ်။

“ပြည်သူနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နေရာမှာ၊ ဆက်ဆံတဲ့နေရာမှာ ပြည်သူကို မောက်မာစွာ ဆက်ဆံမှုမျိုးတွေကို အင်မတန်မှ အလေးထား ရှောင်ကြဉ်ရမယ့် အခြေအနေမျိုးရှိနေတယ်လို့  ကျနော် ဒီနေရာမှာ ကြုံလို့ ပြောခဲ့ချင်ပါတယ်။”

ဒါ့အပြင် သမိုင်းတရားခံမဖြစ်အောင် အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေမူဝါဒတွေကို လိုက်နာကြဖို့လည်း ဦးအောင်ကြည်ညွန့်က တိုက်တွန်းပါတယ်။

“အဲဒီစည်းမျဉ်းစည်းကမ်းတွေကို ဖောက်ဖျက်လိုက်ပြီဆိုတာနဲ့ တပြိုင်နက်တည်းမှာ ကျနော်တို့ရဲ့ မူဝါဒတွေကို ဖောက်ဖျက်လိုက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။ မူဝါဒတွေကို ဖောက်ဖျက်ရင် ရပ်တည်ချက်ဖောက်ဖျက်တာနဲ့ အတူတူပဲဖြစ်ပါတယ်။ အဲဒီလိုဆိုရင် ကျနော်တို့ ကိုယ်တိုင်က ကျနော်တို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပျက်စီးစေနိုင်တဲ့ ဖျက်ဆီးပစ်နိုင်တဲ့ လမ်းကြောင်းကို ကျနော်တို့ ရောက်နေပြီလို့ စွပ်စွဲခံရမယ့်အနေအထားမျိုးရှိပါတယ်။ ဒါဟာ တကယ်တမ်းပြောလိုက်ရင် ကျနော်တို့ ကိုယ်တိုင် တချိန်ချိန်မှာ တချိန်ချိန်ဆိုတာ အလွန်မကြာတဲ့ ကာလအတွင်းမှာ သမိုင်းတရားခံတွေဖြစ်ကြရလိမ့်မယ်လို့လည်း သတိချပ်ဖို့လိုပါတယ်။”

၂ ရက်ကြာ ကျင်းပမယ့် ပါတီဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အစီရင်ခံစာ၊ ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ အစီရင်ခံစာ၊ စီးပွားရေးကော်မတီအစီရင်ခံစာ၊ ဗဟိုလူမှုအထောက်အကူပြုအဖွဲ့ အစီရင်ခံစာနဲ့ ပြည်နယ်နဲ့ တိုင်းမှာရှိတဲ့ ဗဟိုကော်မတီဝင်တွေ တင်သွင်းတဲ့ စာတမ်းတွေကိုဖတ်ကြားပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နေတဲ့ အခင်းအကျင်းအတွက် မဟာဗျူဟာတွေ၊ နည်းဗျူဟာတွေကို ဒီအစည်းဝေးကနေ ချမှတ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ဆိုပါတယ်။

ပါတီတွင်း ညီညွတ်ရေးနဲ့ပတ်သက်ပြီးလည်း ဦးအောင်ကြည်ညွန့်က “ကျနော်တို့ မကြိုက်တာတူခဲ့ကြတုန်းက ကျနော်တို့ အဖွဲ့ချုပ်က အင်မတန်မှ ညီညွတ်ပါတယ်။ အဲဒီအခါမှာ ကျနော်တို့ ရင်ဆိုင်ရတဲ့ ဘေးကလည်း ဖိနှိပ်ခံရခြင်းဘေးက ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်၊ အဲဒီကာလတုန်းက မကြိုက်တာ တူခဲ့လို့ ကျနော်တို့ ညီညွတ်ကြပါတယ်။ ဒါကြောင့်မို့လို့ သဘာဝအားဖြင့် ကြိုက်စရာ တူလာတဲ့အခါ ညီညွတ်မှုဟာ မညီမညွတ်ဖြစ်တတ်တဲ့ သဘော သဘာဝကို သတိထားဖို့ လိုလာတယ်လို့ ကျနော် ဒီနေရာမှာ အကြံပြုချင်ပါတယ်။” လို့ ပြောပါတယ်။

ဗဟိုကော်မတီ အစည်းအဝေးကို အန်အယ်လ်ဒီဗဟိုကော်မတီဝင်တွေ၊ လေ့လာသူအဖြစ် ဖိတ်ကြားထားတဲ့ အရံဗဟိုကော်မတီဝင်တွေ၊ ပြည်နယ်နဲ့ တိုင်းအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌတွေ၊ ပြည်နယ်တိုင်းအစိုးရဝန်ကြီးချုပ်တွေနဲ့ ပြည်နယ်တိုင်းလွှတ်တော်ဥက္ကဋ္ဌတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013