DVB Logo
Home
မြန်မာသတင်း
ကလေးနှင့် လူငယ်စစ်သား ၆၇ ဦး ပြန်လည် လွတ်မြောက်လာ
DVB
·
June 24, 2017
ကလေးနှင့် လူငယ်စစ်သား ၆၇ ဦး ပြန်လည် လွတ်မြောက်လာ
Donate to DVB

အရွယ်မတိုင်မီ စစ်မှုထမ်းနေတဲ့ ကလေးနဲ့လူငယ်စစ်သား ၆၇ ယောက်ကို ဇွန်လ ၂၃ ရက်မှာ မြန်မာ့တပ်မတော်က နှုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ ကုလသမဂ္ဂ ကလေးများဆိုင်ရာရန်ပုံငွေအဖွဲ့ UNICEF က ကြေညာပါတယ်။

ဒါဟာ ၂၀၁၇ ခုနှစ်အတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၁၂ ခုနှစ်ကစလို့ မြန်မာ တပ်မတော်က နှုတ်ထွက်ခွင့်ပြုခဲ့တဲ့ ကလေးစစ်သားပေါင်း ၈၄၉ ယောက်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။

UNICEF ရဲ့ မြန်မာနိုင်ငံ ဌာနေကိုယ်စားလှယ် ဘတ်ထရန် ဘိန်းဗဲလ်က “ လွန်ခဲ့တဲ့ လေးနှစ်ကနဲ့ ယှဉ်မယ်ဆိုရင် ကလေးသူငယ်တွေကို စစ်မှုထမ်းဖို့ စုဆောင်းတာက ပိုပြီး ခက်လာပါပြီ။ ဘာလို့လဲဆိုတော့ စစ်မှုထမ်းဖို့ စုဆောင်းတဲ့ စနစ်တွေက ဗဟို ချုပ်ကိုင် စနစ်တွေ ဖြစ်လာပြီး ကိုယ်ပိုင်းဆိုင်ရာ ဆန်းစစ်မှုတွေလည်းပိုကောင်းလာပါတယ်။ သတ်မှတ်တဲ့ စံနှုန်းတွေ ကိုလည်း တာဝန်ရှိတဲ့သူတွေက သေချာနားလည်တာကြောင့်လည်း ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်တွေ စုဆောင်းအသုံးပြုတဲ့စာရင်းမှာ မြန်မာ့တပ်မတော်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့လည်း ပါဝင်နေတာပါ။

အဲဒီအဖွဲ့တွေကတော့ ဒီမိုကရက်တစ်အကျိုးပြုကရင်အမျိုးသားတပ်မတော် (DKBA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ငြိမ်းချမ်းရေးကောင်စီ ၊ ကရင်နီတပ်မတော်၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း၊ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်တို့ဖြစ်ပါတယ်။

“မြန်မာအစိုးရအနေနဲ့ ဒီစာရင်းပါ ၇ ဖွဲ့ကို CTFMR (ကုလသမဂ္ဂဦးဆောင်တဲ့ ကလေးစစ်သား အသုံးပြုမှုစောင့်ကြည့်တဲ့အဖွဲ့) နဲ့အတူ လက်မှတ်ရေးထိုးပြီး လုပ်ငန်းတွေ အကောင်အထည်ဖော်လာအောင်ညှိနှိုင်းကူညီဆောင်ရွက်ပေးဖို့ တိုက်တွန်းချင်တယ်”လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် ဗာဂျီးနီးယားဂမ်ဘာက ပြောပါတယ်။

၂၀၁၇ ဇွန်လအထိ ကလေးစစ်သားအဖြစ် စုဆောင်းတဲ့ တာဝန်ရှိသူအရာရှိ ၈၇ ဦးနဲ့ စစ်သည် ၃၄၂ ဦးတို့အား စစ်စည်းကမ်းအညီအရေးယူခဲ့တယ်လို့ တပ်မတော်က သတင်းထုတ် ပြန်ထားပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို  စစ်သားအဖြစ် စုဆောင်းတဲ့ မသင်္ကာဖွယ် ကိစ္စတွေတွေ့ရင် ဖုန်းနံပတ်  (၀၉-၄၂၁၁၆၆၇၀၁ နဲ့  ၀၉-၄၂၁၁၆၆၇၀၂) တို့ကို အရေးပေါ် ဆက်သွယ် အကြောင်းကြားနိုင်တယ်လို့ UNICEF အဖွဲ့က  ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ- ကာကွယ်ရေးဦးစီးချုပ်ရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013