DVB Logo
Home
မြန်မာသတင်း
အထောက်အထားမဲ့ မြန်မာအလုပ်သမားများ နေရပ်ပြန်ကြရန်တိုက်တွန်း
DVB
·
June 24, 2017
အထောက်အထားမဲ့ မြန်မာအလုပ်သမားများ နေရပ်ပြန်ကြရန်တိုက်တွန်း
Donate to DVB

ထိုင်းနိုင်ငံတွင်း အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ အသစ်ပြဋ္ဌာန်းလိုက်တဲ့ ထိုင်းအစိုးရဥပဒေကြောင့် နေရပ်ပြန်ကြဖို့ အလုပ်သမားအခွင့် အရေးမြှင့်တင်ရေးကွန်ရက်ဖောင်ဒေးရှင်း (LPN) က တိုက်တွန်းလိုက်ပါတယ်။

ထိုင်းရောက် ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ အလုပ်ရှင်တွေအတွက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အက်ဥပဒေကို အစိုးရက အသစ်ပြန်လည် ပြဋ္ဌာန်းထားပြီး ဥပဒေချိုးဖောက်သူတွေကို ထောင်ဒဏ်နဲ့ ငွေဒဏ်တွေကို တိုးမြှင့်သတ်မှတ်လိုက်ပါတယ်။

ဒီဥပဒေပြဋ္ဌာန်ပြီးနောက် အလုပ်သမားရှိရာနေရာတွေကို ရှာဖော်ဖမ်းဆီးမှုတွေ လုပ်ဆောင်တော့မှာဖြစ်လို့ အထောက်အထား မရှိသူတွေပြန်ဖို့နဲ့ အလုပ်ရှင်နဲ့အလုပ် လွဲနေရင်လည်း အမြန်ဆုံး ပြင်ဆင်ကြဖို့ LPN ဖောင်ဒေးရှင်းက စူရချိုင်မင်းထွန်းက သူ့ရဲ့ လူမှုကွန်ရက်မှာ  တိုက်တွန်းထားပါတယ်။

“အခုဆိုရင် အထောက်အထားမရှိတဲ့လူတွေကို အကြိတ်အနယ်စပြီး ဖမ်းတော့မှာ မို့ အထောက်အထားမရှိသူတွေ မြန်မာပြည်ကို အမြန်ဆုံးပြန်ဖို့ ပြင်ဆင်ကြပါ။ အမြန်ဆုံးပြန်ကြပါ။ ဒါမှမဟုတ်ရင် ဖမ်းမိသွားလို့ရှိရင် အလုပ်ရှင်လည်း ဒုက္ခရောက်မယ်၊  ကိုယ်ကိုယ်တိုင်လည်း ဒုက္ခရောက်မယ်။ ဒီတော့ အလုပ်သမားတွေ သူဌေးမတူတာရှိရင်လည်း သူတို့က ဖမ်းမှာနော်။ သူဌေးမတူရင် သူဌေးတူအောင် အမြန်ဆုံးလုပ်ကြပါ။ နောက်ပြီးတော့ work permit မရှိတဲ့လူတွေရှိအောင် အမြန်ဆုံး ကြိုးစားလုပ်လိုက်ကြပါ။ နယ်မတူဘဲ၊ နယ်ကျော် နေတဲ့ ပန်းရောင်ကတ်တွေ သော်လည်းကောင်း၊ စာအုပ်တွေသော်လည်ကောင်း၊ ကိုယ်လုပ်ထားတဲ့ work permit မှာ အလုပ်တမျိုး အလုပ်သွားလုပ်နေတာက တမျိုးဆိုရင် အဲဒါမျိုးတွေကအစ အားလုံးကို မှန်မှန်ကန်ကန်လုပ်လုပ်ကြပါ။ ကျနော်အထူးသတိပေးချင်ပါတယ်။ အခုဆိုလို့ရှိရင် အဖွဲ့ပေါင်းစုံနှင့်တကွ နယ်မြေအသီးသီးမှာ ကြပ်ကြပ်မှတ်မှတ်ဖမ်းနေပြီဆိုတာလည်း ကျနော်သတိပေးချင်ပါတယ်။”

ဒါ့အပြင် အလုပ်သမားတွေအနေနဲ့ ပွဲစားတွေကို အယုံမလွယ်ကြဖို့လည်း တိုက်တွန်းပြောပါတယ်။

“ဘယ်သူ့ကိုမှ မယုံပါနဲ့။ ပန်းရောင်ကတ်တွေ အသစ်လုပ်ပေးမယ်တို့၊ ၆ နှစ်ကုန်သမားတွေ ပတ်စ်ပို့ ဆက်လို့ရတယ်တို့ လိမ်နေတဲ့ ပွဲစားတွေ၊ ပန်းရောင်ကတ်တွေ ဘယ်တော့ရိုက်ပေးမယ်ဆိုတာပြောနေတဲ့ ပုဂ္ဂိုလ်တွေ ဘယ်သူမှ မယုံကြပါနဲ့။ အခုပန်းရောင်ကတ်တွေ လုပ်ပေးမယ်ဆိုတာ ရေလုပ်သားတွေအတွက် အခုမှ သူတို့ညှိနေဆဲ၊ ဖြစ်ချင်မှလည်း ဖြစ်လာမှာပါ။ အဲဒါက ရေလုပ်သားတွေကို ပြောတာနော်။ ရေလုပ်သားအတွက် လုပ်ပေးတဲ့အတွက်ကြောင့် ကုန်းမှာလုပ်ရင် ဖမ်းမှာပဲ။ အဲတော့ အရင်ကလို လွယ်လွယ်ကူကူ မဟုတ်တော့ဘူး။ ကြပ်ကြပ်မတ်မတ်ဖြစ်လာပြီ ဆိုတဲ့အတွက်ကြောင့် အထောက် အထားမပြည့်စုံတဲ့ လူတွေ မမှန်မကန်တဲ့လူတွေ မြန်မာပြည်ကိုပြန်ဖို့ ကျနော် တိုက်တွန်းလိုက်ပါတယ်။”

အသစ်ပြဋ္ဌာန်းလိုက်တဲ့ဥပဒေမှာ အလုပ်လုပ်ခွင့်မရှိတဲ့ နိုင်ငံခြားသား အလုပ်သမားတယောက်ကို ဒဏ်ကြေး ဘတ်ငွေ ၄ သိန်းကနေ ၈ သိန်းအထိ ပြစ်ဒဏ်ရှိကြောင်း၊ အလုပ်လုပ်ခွင့် လက်မှတ်ရှိ ပေမယ့် သတ်မှတ်ချက် အလုပ်အမျိုးအစားနဲ့ မတူဘဲ အလုပ်လုပ်နေပါက ဘတ်ငွေ ၄ သိန်း ထက်မပိုတဲ့ ဒဏ်ကြေးနဲ့ ညီတဲ့ ပြစ်ဒဏ်ရှိတယ်လို့ ဖော်ပြထားပါတယ်။

အလုပ်လုပ်ခွင့်မရဘဲ အလုပ်လုပ်ခြင်း သို့မဟုတ် နိုင်ငံခြားသားအလုပ်သမားတွေကို တားမြစ်ထားတဲ့အလုပ်တွေမှာ အလုပ်လုပ်ခြင်းကို ပြုလုပ်တဲ့ နိုင်ငံခြားသားဟာ ၅ နှစ်ထက်မပို တဲ့ ထောင်ဒဏ် သို့မဟုတ် ဘတ်ငွေ ၂၀၀၀ ကနေ ၁ သိန်းအထိ ဒဏ်ငွေ ရှိကြောင်း သို့မဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်မျိုးလုံး အပြစ်ဒဏ်ရှိပါတယ်။

မှတ်ပုံတင်အရာရှိကို အကြောင်းမကြား ခွင့်ပြုမိန့်မယူဘဲ အလုပ်လုပ်ရင်လည်း ဘတ်ငွေ ၁ သိန်းထက်မပိုတဲ့ ဒဏ်ကြေး နဲ့ ညီတဲ့ ပြစ်ဒဏ်ရှိပါတယ်။

ဒ့ါအပြင် အလုပ်ရှင်ဘက်ကလည်း အလုပ်သမားတွေရဲ့ အရေးကြီးစာရွက်စာတမ်းတွေကို သိမ်းယူရင် ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ကြေး ၁ သိန်း သို့မဟုတ် ထောင်ဒဏ်ငွေဒဏ် နှစ်မျိုးလုံး ပြစ်ဒဏ်ရှိပါတယ်။

လုပ်ငန်းရှာဖွေရေး ဦးစီးညွန်ကြားရေးမှူးရဲ့ ခွင့်ပြမိန့်မရဘဲ နိုင်ငံခြားသားအလုပ်သမားတွေကို အလုပ်ခန့်ပြီး လုပ်ငန်းတည်ထောင်ရင်လည်း ထောင်ဒဏ် ၁ နှစ်ကနေ ၃ နှစ်အထိ သို့မဟုတ် ဘတ်ငွေ ၂ သိန်းကနေ ၆ သိန်းအထိ သို့မဟုတ် ပြစ်ဒဏ်နှစ်မျိုးလုံး ချမှတ်ခံရနိုင်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013