DVB Logo
Home
မြန်မာသတင်း
တရုတ်နိုင်ငံက ပိတ်ထားသည့် မြန်မာဘဏ်စာရင်းများ ပြန်လည်ဖွင့်လှစ်
DVB
·
June 24, 2017
Donate to DVB

တရုတ်နိုင်ငံက ယာယီပိတ်ထားခဲ့တဲ့ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ဘဏ်စာရင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီဖြစ်ပြီး ဘဏ်စာရင်း အားလုံးနီးပါး ပြန်လည် အသုံးပြုခွင့်ရရှိသွားပြီဖြစ်ပါတယ်။

နှစ်နိုင်ငံ တာဝန်ရှိသူတွေ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကြောင့် ဇွန်လ ၂၃ ရက် ညနေမှာ မြန်မာနိုင်ငံက ပို့ကုန်၊ သွင်းကုန် လုပ်ငန်းရှင်တွေရဲ့ ဘဏ်စာရင်းတွေကို ပြန်လည်ဖွင့်လှစ် ပေးလိုက်တာလို့ စီးပွားကူးသန်းဝန်ကြီးဌာနကို ကိုးကားပြီး ဒီကနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြပါတယ်။

တရုတ်နိုင်ငံ တယ်ဟုန်ပြည်နယ်ခွဲ ရွှေလီမြို့ရှိ ဘဏ်တွေက မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်စာရင်းတွေကို ဇွန် ၁၅ ရက်နေ့က စပြီးယာယီပိတ်သိမ်းထားခဲ့တာပါ။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဇွန် ၂၀ ရက်နဲ့ ၂၂ ရက်တွေမှာ  စီးပွားကူးသန်း ၀န်ကြီးဌာနက တာဝန်ရှိသူတွေ၊  မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတာဝန်ရှိသူတွေ တွေ့ဆုံညှိနှိုင်းခဲ့ပြီးနောက် ခုလို ဘဏ်စာရင်းတွေ ပြန်လည်ဖွင့်လှစ်ပေးလိုက်တာဖြစ်ပါတယ်။

တရုတ်နိုင်ငံဘဏ်တွေမှာ ပိတ်ခံထားရတဲ့အတွက် နယ်စပ်ကုန်သွယ်ရေး ထိခိုက်မှုတွေရှိလာနေတဲ့အတွက်  မြန်မာ ဘဏ်စာရင်းတွေကို အမြန်ဆုံး ပြန်ဖွင့်ပေးဖို့   တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့မှာ  ဒေသခံတွေက မနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။

တရုတ်နိုင်ငံမှာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေလုပ်ကိုင်ပြီး  တရားမဝင် ငွေလွှဲတာတွေ ရှိနေတာကြောင့် တရုတ်အာဏာပိုင်တွေက ဘဏ်စာရင်းတွေကို ပိတ်ပြီး စစ်ဆေးနေတာ ဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ် ရွှေလီမြို့ပေါ်ရှိ ဘဏ်ခွဲတွေက ဘဏ်စာရင်းပေါင်း ၃၄၉ ခုကို စစ်ဆေးဖို့ ယာယီပိတ်သိမ်းရာမှာ မြန်မာနိုင်ငံသားပိုင် ဘဏ်စာရင်း ၁၃၂ ခု ပါဝင်သွားတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013