DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်တွင် လူ ၁၀ ဦးလျှင် တဦးနှုန်းဖြင့် အလုပ်လက်မဲ့ အများဆုံးဖြစ်နေ
DVB
·
June 23, 2017
Donate to DVB

မြန်မာနိုင်ငံရှိ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေထဲမှာ ရခိုင်ပြည်နယ်ဟာ အလုပ်လက်မဲ့နှုန်း အမြင့်မားဆုံး ဖြစ်နေတယ်လို့ အစိုးရ တရားဝင်ထုတ်ပြန်တဲ့ လုပ်သားအင်အားဆိုင်ရာ သုတေသန စာတမ်းအရ သိရပါတယ်။

၂ဝ၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး လုပ်သားအင်အား အကြောင်းအရာ အသေးစိတ် သုတေသနစာတမ်းကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်သူ့အင်အားဦးစီးဌာနက ဇွန် ၂၁ရက်က ထုတ်ပြန်လိုက်တာပါ။

သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်နဲ့ အထက်အမျိုးသား ၅၂၀,၀၇၀ ဦး နဲ့  အမျိုးသမီး ၃၅၇,၁၅၄ ဦး ပေါင်း ၈၇၇,၂၂၄ ဦးဟာ အလုပ်လက်မဲ့ ဖြစ်နေပြီး  အလုပ်လက်မဲ့နှုန်းကတော့ အသက် ၁၅ နှစ်နဲ့အထက် အရွယ်မှာ ၃ ဒသမ၈ ရာခိုင်နှုန်း၊ အလုပ်လုပ်နိုင်တဲ့အရွယ် အသက် ၁၅ နှစ်နဲ့ ၆၄ နှစ်အကြားမှာ ၃ ဒသမ ၉ ရာခိုင်နှုန်း ရှိနေတယ်လို့ ဆိုပါတယ်။

တခြားနိုင်ငံတွေမှာလိုပဲ  မြန်မာပြည်မှာလည်း လူငယ်တွေဟာ အလုပ်လက်မဲ့ အများဆုံး ဖြစ်နေပြီး အသက် ၂ဝ ကနေ ၂၄ နှစ်အရွယ် လူငယ်အုပ်စုမှာ   မြို့ပြလူဦးရေရဲ့ ၁၀ ဒသမ ၇ ရာခိုင်နှုန်းနဲ့ ကျေးလက်လူဦးရေရဲ့ ၇ ဒသမ ၆ ရာခိုင်နှုန်း အလုပ်မရှိတာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအကြား အလုပ်လက်မဲ့နှုန်း ကွာဟချက်များနေပြီး ရခိုင်ပြည်နယ်မှာဆိုရင် လူ ၁ဝ ယောက်မှာ  ၁ယောက်နှုန်းနဲ့ အလုပ်လက်မဲ့နှုန်း အမြင့် ဆုံးဖြစ်ပါတယ်။

ကရင်ပြည်နယ်မှာတော့ လူ အယောက် ၁၀၀ မှာ ၇ ယောက်နှုန်း၊ မွန်ပြည်နယ်မှာ လူ ၁၀၀မှာ ၆ ယောက်နှုန်းရှိပြီး ရှမ်းပြည်နယ်မှာတော့  လူ ၁၀၀ မှာ ၂ ယောက်နှုန်းနဲ့ အလုပ်လက်မဲ့နှုန်း အနိမ့်ဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးအလုပ်သမားတွေလည်း များပြားနေပြီး သန်းခေါင်စာရင်း ကောက်ယူချိန်မှာ အသက် ၁ဝ-၁၄နှစ် ကလေးငယ်ပေါင်း ၅ သိန်းကျော်ဟာ အလုပ်လုပ်ကိုင်နေရသလို   ကလေး ၇၇ဝဝဝ ဟာ  အလုပ်ရှာနေကြတယ်လို့ သုတေသန စာတမ်းအရ သိရပါတယ်။

အလုပ်လုပ်နေကြတဲ့ အသက် ၁ဝ နှစ်အရွယ် ကလေး ၈၂ ရာခိုင်နှုန်းနဲ့ ၁၂ နှစ်အရွယ် ကလေး ၉၁ ရာခိုင် နှုန်းဟာ  လုံးဝကျောင်းမနေဖူးသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာပြည်ရဲ့ လုပ်သားအင်အားစုမှာ အဓိကပါဝင်သူ ၄ဝ ရာခိုင်နှုန်းကျော်ဟာ လယ်ယာ၊ သစ်တောနဲ့ ငါးလုပ်ငန်း ကျွမ်းကျင်သူတွေ ဖြစ်ပြီး အများစုဟာ  ဆင်းရဲသူတွေ ဖြစ်ပါတယ်။

၂ဝ၁၄ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပင်မအစီရင်ခံစာနဲ့ လတ်တလော ထုတ်ပြန်လိုက်တဲ့ လုပ်သားအင်အား အကြောင်းအရာ အသေးစိတ် သုတေသနစာတမ်းတွေကို www.dop.gov.mm ဝက်ဆိုက်မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013