DVB Logo
Home
မြန်မာသတင်း
တက္ကစီသမားနှင့် ခိုက်ရန်ဖြစ်သည့် အဆိုတော် ထူးအယ်လ်လင်းကို ရဲက တရားစွဲ
DVB
·
June 23, 2017
Donate to DVB

ရန်ကုန်မြို့ ဦးဝိစာရလမ်းနဲ့ ရွှေတိဂုံဘုရားလမ်းထောင့်နားမှာ မနေ့ည ၉ နာရီကျော်လောက်က အဆိုတော် ထူးအယ်လ်လင်းနဲ့ ကော်ဘရာတို့ မောင်းလာတဲ့ကားနဲ့ တက္ကစီတစီးတို့ ကားချင်း ပွတ်တိုက်မိရာက စကားများ ရန်ဖြစ်ခဲ့တာနဲ့ပတ်သက်လို့  အဆိုတော်ကို ရဲက တရားစွဲထားပါတယ်။

ရဲအက်ဥပဒေ ပုဒ်မ ၃၀ နဲ့ ဒဂုံမြို့နယ်ရဲစခန်းက တရားစွဲထားတာဖြစ်တယ်လို့ ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဒီဗွီိဘီကိုပြောပါတယ်။

မနေ့ည ၉နာရီကျော်လောက်က လမ်းပေါ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့အတွက် ပတ်ဝန်းကျင်ကလူတွေ ရောက်ရှိလာပြီး ဖျန်ဖြေဖို့ ကြိုးစားခဲ့ပေမယ့် ရန်ဆက်လက်ဖြစ်ပွားခဲ့ တာကြောင့် ရဲစခန်းတာဝန်ရှိသူတွေရောက်ရှိလာပြီး ဝင်ရောက်ထိန်းသိမ်းခဲ့ကြောင်း သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေမှာလည်း သတင်းနဲ့ ဓာတ်ပုံတွေ ချက်ချင်းပျံ့နှံ့သွားခဲ့ပါတယ်။

ဖြစ်စဉ်အသေးစိတ်ကို သိရှိဖို့ ဒီဗွီဘီက ဒဂုံမြို့မရဲစခန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်း အဆက်အသွယ်မရသေးပါဘူး။

ဒဂုံမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကတော့ ဖြစ်စဉ်မှ ကာကယံရှင် တက္ကစီယာဉ်မောင်းဟာ ထွက်ပြေးသွားတာကြောင့် ဖြစ်ရပ်မှန်ကို ဆက်လက်သိရှိဖို့ ခက်ခဲနေကြောင်းပြောပါတယ်။  

အဆိုတော် ကော်ဘရာရဲ့ဇနီး ခင်မဉ္ဇူခိုင်ကတော့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရှင်းပြထားပါတယ်။

“မေးနေကြလို့ ဖုန်းနဲ့ဖြေနေ ရေးနေရတာ မောလို့ ဒီကပဲ ရှင်းပြတော့မယ်။ သွားတုန်းက တူတူသွားစားသောက်ကြတာ မိသားစုလိုက်။ ကိုအယ်ကြီးက မူးနေလို့ မိသားစုပါလို့ ကားမောင်းမှာ စိတ်မချလို့ cobra က လိုက်မောင်းပေးပြီး သူ့မိသားစုကို မြလေးကခေါ်ပြီး နောက်ကားနဲ့လိုက်တယ်။ သူတို့ကရှေ့ကထွက်သွားတယ်။ လမ်းရောက်တော့ ကိုအယ်က ပြောင်းမောင်းပြီး taxi တစီးနဲ့ငြိတယ်။ ကိုအယ် မူးနေတော့ ကားပိတ်ရပ်ဆင်းထိုးတယ်၊ cobra လိုက်ဆွဲတောင်းပန်တယ်။ ရဲတွေရောက်လာပြီး ခေါ်သွားတယ်။ အခု အချုပ်ရောက်နေတယ်။ ဒါပဲ.. ကိုယ်တွေသားအမိ အိမ်ပြန်လာပြီး အိပ်ပြီ.. စိတ်ပူကြသူများ မပူပါနဲ့.. Cobra ဘာမှမလုပ်ထားတော့ ဘာမှ ကြီးကြီးကျယ်ကျယ်မဖြစ်ပါဘူး။ ”

ရဲအက်ဥပဒေ ပုဒ်မ ၃၀(က)မှာ ဘေးအန္တရာယ် သို့မဟုတ် ပြစ်မှုကျူးလွန်ရန် အသုံးပြုနိုင်တဲ့ လက်နက်တစုံတရာတွေ့ရှိ၍ မည်သည့်အကြောင်းပြချက်ဖြင့် ကိုင်ဆောင် သယ်ယူရကြောင်း ကျေနပ်လက်ခံနိုင်လောက်အောင် အကြောင်းမပြနိုင်သူကို မည်သည့်ရဲအရာရှိကမဆို ဝရမ်းမပါဘဲ ဖမ်းဆီးနိုင်ပြီး ၄င်းတို့အား ထောင်ဒဏ် ၃ လအထိ အပြစ်ပေးနိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ - Lumin Thaungtun Facebook

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013