မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ နိုင်ငံရဲ့ ဒုံးကျည်အစီအစဉ်ကို ခေတ်မီအောင် လုပ်ဆောင်ဖို့ ရည်မှန်းချက်ရဲ့ တစိတ်တပိုင်းအနေနဲ့ ဇွန် ၂၅ ရက်မှာ အဓိကလက်နက်တွေ စမ်းသပ်မှုကို ကိုယ်တိုင်ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင် KCNA သတင်းဌာနက ဇွန် ၂၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီစမ်းသပ်မှုမှာ အဆင့်မြှင့်တင်ထားတဲ့ ပြောင်းဝ ၂၄ ခုပါ ၂၄၀ မီလီမီတာ တွဲဖက်ဒုံးပစ်လောင်ချာစနစ်၊ မဟာဗျူဟာမြောက် ပဲ့ထိန်းဒုံးကျည်တွေနဲ့ ၁၅၅ မီလီမီတာ အလိုအလျောက် မောင်းနှင်တဲ့ ဟောင်ဝစ်ဇာ အမြောက်ကြီးတွေ ပါဝင်တယ်လို့ KCNA က ဆိုပါတယ်။
အဆင့်မြှင့်ထားတဲ့ ဒုံးပစ်လောင်ချာဟာ အလိုအလျောက် ပစ်မှတ်တိကျမှု ထိန်းချုပ်စနစ် တပ်ဆင်ထားပြီး ပစ်ခတ်နိုင်တဲ့ အကွာအဝေးကိုလည်း ကီလိုမီတာ ၉၀ (၅၆ မိုင်) အထိ တိုးမြှင့်ထားတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
စမ်းသပ်မှုရလဒ်တွေအပေါ် စိတ်ကျေနပ်မှုရှိကြောင်း ကင်မ်ဂျုံအန်းက ပြောကြားခဲ့ပြီး ပြုံယမ်းအနေနဲ့ လက်နက်အစီအစဉ်တွေမှာ အလိုအလျောက်စနစ်၊ အဝေးပစ်နိုင်စွမ်းနဲ့ “အမြင့်မားဆုံး တိကျမှု” တွေကို ဦးတည် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒီလိုလုပ်ရတဲ့ ရည်မှန်းချက်ဟာ တောင်ဘက်နယ်စပ်ရဲ့ ကာကွယ်ရေးအတွက် ဖြစ်တယ်လို့ ကင်မ်ဂျုံအန်းက တောင်ကိုရီးယားနဲ့ နယ်စပ်ကို ရည်ညွှန်းပြောကြားခဲ့ပါတယ်။
Source: Reuters










