စာမေးပွဲမေးခွန်း ပေါက်ကြားမှုနဲ့ ပတ်သက်ပြီး လူငယ်တွေ ရက်ပေါင်းများစွာ ဆန္ဒပြအပြီးမှာ အိန္ဒိယရဲ့ စာမေးပွဲစနစ်ကို ပြုပြင်ပြောင်းလဲဖို့ နည်းပညာလုပ်ငန်းရှင် နာဒန် နီလေးကာနီ ဦးဆောင်တဲ့ အထူးအဖွဲ့တရပ် ဖွဲ့စည်းမယ်လို့ ဝန်ကြီးချုပ် နာရန်ဒြာ မိုဒီက ဇူလိုင် ၂၆ ရက်မှာ ကြေညာပါတယ်။
“ကျနော်တို့ရဲ့ စာမေးပွဲစနစ်က ယုံကြည်စိတ်ချရပြီး ပွင့်လင်းမြင်သာတာမျိုး ဖြစ်သင့်ပြီး စနစ်က နည်းပညာကို အများဆုံး သုံးသင့်တယ်” လို့ မိုဒီက အင်စတာဂရမ်ကနေ ပြောပါတယ်။
မေးခွန်းပေါက်ကြားတာကို ကိုင်တွယ်ဖြေရှင်းဖို့ ဥပဒေသစ်တခုကို ဇူလိုင် ၂၇ ရက်ကျရင် လွှတ်တော်မှာ တင်သွင်းမယ်လို့ ဖြည့်ပြောခဲ့ပါတယ်။
ဒီအစီအမံတွေက ဥပဒေကို ပိုတင်းကျပ်စေပြီး ပြစ်မှုကျူးလွန်သူတွေအတွက် ပြစ်ဒဏ်တွေကို ပိုပြင်းထန်စေရမယ်လို့လည်း မိုဒီက ထပ်ပြောပါတယ်။
မေလမှာ စာမေးပွဲမေးခွန်း ပေါက်ကြားမှုကြောင့် ပညာရေးဝန်ကြီး ရာထူးကနေ နုတ်ထွက်ဖို့ လူငယ်တက်ကြွ လှုပ်ရှားသူတွေက ဆန္ဒပြ တောင်းဆိုအပြီး ဇူလိုင် ၂၅ ရက်မှာ ပညာရေးဝန်ကြီး ဒါမန်ဒရာ ပရာဒန် ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ မိုဒီက ပထမဆုံးအကြိမ် လူသိရှင်ကြား မှတ်ချက်ပြု ပြောခဲ့တာပါ။
မိုဒီက သူ့ရဲ့ ဗီဒီယိုကြေညာချက်ထဲမှာ ပရာဒန်အကြောင်းကို မဖော်ပြခဲ့ပါဘူး။
လူငယ်တွေဦးဆောင်တဲ့ ပိုးဟပ်ဂျန်ဒါပါတီ (CJP) လှုပ်ရှားမှုက ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့တာဖြစ်ပြီး တောင်းဆိုချက်တွေ ပြည့်မီပြီးတဲ့နောက် စနေနေ့မှာ ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းခဲ့ပါတယ်။
Source: Reuters










