DVB Logo
Home
မေးမြန်းခန်း
ထိုင်းသတင်းစာဆရာကြီး ကဗွီ ချွန်ကစ်တာဗွန်နဲ့ တွေ့ဆုံ မေးမြန်းချက်
DVB
·
February 19, 2012
ထိုင်းသတင်းစာဆရာကြီး ကဗွီ ချွန်ကစ်တာဗွန်နဲ့ တွေ့ဆုံ မေးမြန်းချက်
1 / 3
Donate to DVB

မြန်မာပြည်က လက်ရှိ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေမှာ အိမ်နီးချင်း အာဆီယံ အသိုက်အ၀န်းရဲ့ အခန်းကဏ္ဍ ဘယ်လောက်​ အရေးပါနေပါလဲ။ ၂၀၁၄ မှာ မြန်မာက အာဆီယံ ဥက္ကဋ္ဌ ဖြစ်လာမယ့် ဂယက်ဟာ အထူးသဖြင့် မြန်မာ့နိုင်ငံရေးနဲ့​ ​ဒေသတခုလုံးအပေါ်မှာ အကျိုးသက်ရောက်မှုတွေ ရှိလာမလဲ၊ မြန်မာနှင့် အာဆီယံ ဆက်ဆံရေးအကြောင်း သုံးသပ်ချက်တွေ ရေးနေတဲ့ အရှေ့တောင်အာရှ သတင်းဆရာအသင်း စီပါရဲ့ ဥက္ကဋ္ဌ၊ ထိုင်းနိုင်ငံက နာမည်ကြီးသတင်းစာဆရာ၊ ကဗွီ ကို ဒီဗွီဘီ အယ်ဒီတာ ဦးခင်မောင်စိုးက ဒီဗွီဘီစတူဒီယိုကို ဖိတ်ခေါ်ပြီး မေးမြန်း ဆွေးနွေးထားပါတယ်။

ကဗွီ ချွန်ကစ်တာဗွန်နှင့်​​ ဦး​ခင်​မောင်​စိုး

မေး - မြန်မာအစိုးရက ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ​ ​နေရာယူဖို့​ ​ပြင်ဆင်နေပါတယ်။ အာဆီယံဟာ​ ​မြန်မာကို ဥက္ကဋ္ဌနေရာ​ပေးလိုက်တဲ့​ အတွက် မထိခိုက်မနစ်နာဘူးလား။  ဂုဏ်သိက္ခာ ထိခိုက်မယ်။ နောက်ပြီး ကမောက်ကမ မြန်မာ့စီးပွားရေးရဲ့ ရိုက်ခတ်မှုတွေကို ခံစားရမယ် မဟုတ်လား။

ဖြေ - ၁၉၉၇ ခုနှစ်မှာ မြန်မာကို အာဆီယံထဲ ၀င်ခွင့်ပြုခဲ့ကတည်းက အာဆီယံရဲ့ ဂုဏ်သိက္ခာ ထိခိုက်ခဲ့တာကို ပြန်သတိရဖို့ လိုပါတယ်။ လက်ရှိ နိုင်ငံရေး အနေအထားက အဲသည်တုန်းကနဲ့  အတော်ခြားနားသွားပြီ။

နှစ်အတော်ကြာအောင် မြန်မာဘက်က ကျနော်တို့ တောက်လျောက် ရပ်ပေးခဲ့တယ်။ အခု မြန်မာနိုင်ငံဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာသလို အာဆီယံကဘက်ကလည်း ၂၀၁၄ မှာ မြန်မာနိုင်ငံရဲ့ ဥက္ကဋ္ဌ နေရာအတွက် ထောက်ခံဖို့ အလားတူ ယုံကြည်မှုတွေ ရှိလာတယ်လို့ ပြောပြီး အာဆီယံက မြန်မာနိုင်ငံကို အမှတ်ပေးလာပါတယ်။

မြန်မာဟာ အာဆီယံ အဖွဲ့ဝင်အဖြစ်နဲ့ တုံ့ပြန်ဆောင်ရွက်ခဲ့ပါတယ်လို့ အာဆီယံရဲ့ ပြောဆိုချက်ကို ပြီးခဲ့တဲ့ ခြောက်လအတွင်း ဖြစ်ထွန်းခဲ့တဲ့ ပြုပြင်ပြောင်းလဲမှုတွေက ထောက်ခံနေပါတယ်။ ဒါကြောင့် ရေရှည်အမြင်ရှိဖို့ အရေးကြီးတယ်လို့  ထင်ပါတယ်။

မေး - အာဆီယံ ဥက္ကဋ္ဌ ဖြစ်မယ့် အလားအလာကပဲ ပြုပြင်ပြောင်းလဲမှုကို တွန်းအား​ ​ပေးလိုက်တာလို့ တချို့က ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံကို ဘယ်လိုအနေအထား ရောက်စေချင်တယ် ထင်သလဲ။

ဖြေ - ကျနော် မြန်မာနိုင်ငံကို မရောက်ဖူးသေးပါဘူး။ ၂၀၀၆ ခုနှစ်ကတုန်းက ဥက္ကဌ ရာထူး ယူရမှာ ဖြစ်ပေမယ့် မြန်မာဟာ မယူဘဲ နေခဲ့ပါတယ်။ အခုတော့  မြန်မာဟာ ဒေသနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းထဲမှာ ပုံမှန် အဖွဲ့ဝင် ဖြစ်လာနိုင်တာကို ပြချင်နေတယ်ဆိုတော့  အံ့မခန်းတိုးတက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

အာဆီယံ ဥက္ကဋ္ဌနေရာဆိုတာ မြန်မာနိုင်ငံအတွက်သာမက အာဆီယံ အတွက်လည်း အဓိပ္ပာယ်အများကြီး ရှိပါတယ်။ အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ် ဆူရင်ရဲ့ မြန်မာခရီးစဉ်ကို ကြည့်ရင် သိသာပါတယ်။

နောက်လာမယ့် သုံးနှစ်ကတော့ တော်တော် အရေးပါပါလိမ့်မယ်။ တိုးတက် ပြောင်းလဲမှုတွေအတွက် အစိုးရကို စံချိန်စံညွှန်းသတ်မှတ်မယ့် သုံးနှစ် ဖြစ်နေလို့ပါ။ သည့်ထက် ကျော်ပြီးတော့ ကျနော် မခန့်မှန်းနိုင်သေးပါဘူး။ ဒီနေ့ ကမ္ဘာကြီးထဲမှာ အခြေအနေ အမျိုးမျိုး ရှိတယ်လေ။ ဒါတွေက အစိုးရအဖွဲ့ထဲမှာ အပြောင်းအလဲတွေ ဖြစ်စေနိုင်တယ်။

မေး - ဆောင်းပါးတခုတည်း​မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ အာဆီယံ ဥက္ကဋ္ဌ ဖြစ်မယ့်အပေါ် သိပ်သဘောမကျဘူးလို့ ခင်ဗျားရေးထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အာဆီယံနဲ့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ကောင်းအောင် လုပ်ရမယ်လို့လည်း ခင်ဗျား ပြောထားတယ်။ ဘာဆိုလိုချင်တာလဲ​။

ဖြေ -​ ​ဒေါ်အောင်ဆန်းစုကြည်က မြန်မာကို အာဆီယံဥက္ကဋ္ဌနေရာပေးဖို့​ ​ဆုံး​​ဖြတ်ချက်ကို ​၂၀၁၁ နှစ်ကုန်မှာ မဟုတ်ဘဲ အဲသည်နောက်မှာမှ ဆုံးဖြတ်စေချင်ခဲ့တယ်လို့ ကျနော် ပြောတာပါ။ ပြုပြင်ပြောင်းလဲမှုတွေဟာ နောက်ပြန်လှည့်လို မရဘူးဆိုတာကို အစိုးရက သက်သေပြဖို့ လိုတယ်လို့ သူက ထောက်ပြချင်ပုံပဲ။ ဒါပေမယ့် သက်သေပြပြီးပြီလို့ပဲ ကျနော်ယူဆပါတယ်။ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံရေးနယ်ထဲ ပြန်ဝင်လာတာရယ်၊ သူ့ပါတီကို ပြန်မှတ်ပုံ တင်တာရယ်ဟာ သက်သေတွေပါ။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အာဆီယံနဲ့ လက်တွဲပြီး အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ မကြာခင်မှာ သူဟာ လွှတ်တော်အမတ် တယောက် ဖြစ်လာမှာမို့ပါ။

လာမယ့် ဧပြီလ ရွေးကောက်ပွဲမှာ သူနိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ နောက် အာဆီယံကိုရော အာဆီယံနိုင်ငံအားလုံးက လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေကိုပါ သူ သိကျွမ်းလာပါလိမ့်မယ်။ အာဆီယံကို သူ လျစ်လျူရှုလို့ မရဘူး။ ဒါဟာ အခွင့်အလမ်းကောင်း တခုလို့ ကျနော် မြင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံ ဆက်ဆံရေးဟာ ဒီနှစ်တလျှောက်လုံး ကောင်းခဲ့တယ်လို့ ကျနော် မပြောလိုပါဘူး။ အာဆီယံက သူ့ကို မထောက်ခံဘူးလေ။ အာဆီယံက အစိုးရကိုပဲ ထောက်ခံ နေခဲ့ပါတယ်။ ၁၉၉၅ ခုနှစ်ကတည်းက သူ့မှာ နစ်နာမှုတွေ အများကြီး ရှိခဲ့တယ်။ အာဆီယံ သံတမန်တွေက သူနဲ့ အပြုသဘော ဆောင်တဲ့ တွေ့ဆုံဖို့တော့ ကြိုးစားခဲ့ပါတယ်။

မေး - သည်အဆင့်ဟာ ကုစားမှုတွေ လုပ်ရမယ့် အဆင့်လို့ ​  ခင်ဗျားရေးခဲ့တယ်​ ​မဟုတ်လား။

ဖြေ - ဟုတ်ပါတယ်။ အာဆီယံအတွင်းရေးမှူးချုပ်နဲ့ ​ဒေါ်အောင်ဆန်းစုကြည်ရဲ့ တွေ့ဆုံမှုဟာ သိပ်ခက်ခဲမယ်လို့ ကျနော်ထင်တယ်။ မြန်မာနိုင်ငံကို ပုံမှန် အဖွဲ့ဝင်နိုင်ငံအဖြစ် ရောက်စေတာကြောင့် အဲဒီတွေ့ဆုံမှုက အရေးပါတဲ့ သမိုင်းမှတ်တိုင်တခုပါ။

၁၉၉၇ ခုနှစ်မှာ မြန်မာကို အဖွဲ့ဝင်အဖြစ် ၀င်ပြုခဲ့ပေမယ့်၊ အဲဒီ ၁၅ နှစ်တာ တလျှောက်မှာ မြန်မာနိုင်ငံဟာ အာဆီယံ မိသားစုရဲ့ အစိတ်အပိုင်း တကယ် မဖြစ်ခဲ့ပါဘူး။ ပုံမှန်အဖွဲ့ဝင်အဖြစ် ရရှိတာက အခု ပထမဆုံးအကြိမ်ပါ။ ခင်ဗျား သိတဲ့အတိုင်းပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံ တွေ့ဆုံတာလည်း ဒါ ပထမဆုံး အကြိမ်ပါ။ သိပ် အရေးပါ ပါတယ်။

မေး - ဒါဆိုရင် ဒေါက်တာဆူရင်က အစိုးရနဲ့ ဆက်ဆံတာထက် ဒေါ်အောင်ဆန်းစုကြည်နဲ့  ပိုပြီး ဆက်ဆံရမှာလား။

ဖြေ - အဲသည်လိုတော့လည်း မဟုတ်ပါဘူး။ ဒေါက်တာ ဆူရင်က အရေးပါသူတွေ အားလုံးနဲ့ ဆက်ဆံရပါမယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာက ခေတ်မီဖွံ့ဖြိုးရေးရော၊ အာဆီယံနဲ့ ပူးပေါင်းရေးကိုပါ လုပ်နေလို့ပါ။  ဦးသိန်းစိန်ရဲ့ အမြင် အရေးကြီးသလိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်လည်း အရေးကြီးတယ်လို့ ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီအသွင်ကူးပြောင်းဖို့၊ ဒေသတွင်း ပူးပေါင်း ဆောင်ရွက်ဖို့၊ လူနေမှု အဆင့်အတန်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ သဘာဝပတ်ဝန်းကျင် လုပ်ငန်းတွေ တိုးတက်စေဖို့ကို အလွန် ထောက်ခံတဲ့သူပါ။ အဲဒါတွေက အာဆီယံ လုပ်ငန်းစဉ်တွေပါ။ ဒါကြောင့် ဒေါ်စုဟာ ဒီလုပ်ငန်းစဉ်တွေ ထဲမှာ ပါဝင်လာဖို့ လိုပါတယ်။ အခု အာဆီယံဟာ အသိုင်းအ၀ိုင်းတခု တည်ဆောက်ဖို့ လုပ်နေပါတယ်။  အာဆီယံ အ၀န်းအ၀ိုင်းကြီး ဖြစ်လာဖို့ ရက်ပေါင်း ၁၁၀၀ လောက်ပဲ လိုပါတော့တယ်။ အရေးပါသူအားလုံး အဲဒီရည်မှန်းချက်ထဲမှာ ပါဝင်သင့်တယ် ထင်ပါတယ်။

မေး - အခုအချိန်မှာ မြန်မာနိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှုအတွက် အကောင်းဆုံးနေရာတခု ဖြစ်လာနေပြီလို့ ပြောနေကြပါတယ်။ မကြာခင်ကပဲ အာရှစီးပွားရေးသမားအဖွဲ့ တခု မြန်မာနိုင်ငံကိုလာပြီး ရင်းနှီးမြှုပ်နှံမှု အလားအလာကို လာကြည့်ပါတယ်။ အရင်းအနှီးတွေ အလုံးအရင်းနဲ့ ၀င်လာအောင် စီးပွားရေးကို ဖွင့်ပေးလိုက်ရင် ဘာအန္တရာယ်တွေနဲ့ ရင်ဆိုင်ရနိုင်သလဲ။

ဖြေ - မြင်တဲ့အတိုင်းပဲ မြန်မာနိုင်ငံအခြေအနေက အသစ်အဆန်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံဟာ နှစ်ပေါင်း အတော်ကြာအောင် ပိတ်နေခဲ့တာပါ။ ၁၉၉၀ ခုနှစ်တွေကို ကျနော် ပြန်အမှတ်ရတယ်။ ကမ္ဘောဒီးယားမှာ တံခါးဖွင့်လိုက်တော့ ရင်းနှီးမြှုပ်နှံသူတွေ အလုအယက် ပြေးဝင်လာတာပဲ။ အဲဒီ ကမ္ဘောဒီးယားတို့  ဗီယက်နမ်တို့ဆီက သင်ခန်းစာ ယူစရာ အများကြီး ရှိပါတယ်။

ကျနော့်အထင် အခြေခံအဆောက်အအုံတွေ တိုးတက်အောင် လုပ်ဖို့ လိုပါတယ်။ အစိုးရဌာနတွေမှာရော ပုဂ္ဂလိက ကဏ္ဍတွေမှာပါ စွမ်းရည် တိုးတက်အောင် လုပ်ဖို့လိုပါတယ်။ ကမ္ဘာ့ဘဏ်၊ IMF ၊ ADB နဲ့ အခြား NGO တွေ မြန်မာနိုင်ငံထဲ သွားနေတာဟာ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာတာကို ကိုင်တွယ်နိုင်ဖို့ အတွက် ဖြစ်ပါတယ်။

ဌာနေလူထုတွေက ပြည်ပက လာတာမှန်သမျှကို အသုံးချနိုင်အောင် မြန်မာနိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ကာကွယ်ထားရမယ်။  မြန်မာနိုင်ငံအနေနဲ့ အလွန့်ကို ဂရုစိုက်ရမယ်၊ သတိထားရမယ်။ အခြား အာဆီယံနိုင်ငံတွေဆီက သင်ခန်းစာယူစရာ အများကြီး ရှိပါတယ်။ အခုအချိန်မှာ မြန်မာဟာ အာဆီယံရဲ့ အချစ်တော် အသစ်ကလေး ဖြစ်နေတယ်၊၊

မေး - ဒေါ်အောင်ဆန်းစုကြည်ကတော့ လုပ်ငန်းရှင်တွေကို ခဏလောက် စောင့်ကြည့်ပါဦးလို့ ပြောတယ်။ သူတို့ အကျိုးအတွက်ရော မြန်မာနိုင်ငံ အကျိုးအတွက်ရောပေါ့။ ဒီအပေါ်မှာ ဘယ်လို ထင်သလဲ။

ဖြေ - ရင်းနှီးမြှုပ်နှံမယ့်သူတွေကတော့ စောင့်မှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ဒေသသစ်ကို သူတို့သွားချင်လို့ပဲ။ သူတို့က စွန့်စားရမှာတွေကို တွက်ချက်ပြီးပါပြီ။ အခု သွားရင် စွန့်စားရတာ မှန်ပေမယ့် နောက်မှ သွားရင် ပိုပြီး စွန့်စားရလိမ့်မယ်။

 

မေးမြန်းခန်း ဒုတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013