မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် နဘဲကန်ရွာမှာ ဇွန် ၂၂ ရက် နေ့လယ်ပိုင်းက ၁ နာရီလောက်က အမျိုးသားတဦး ထွန်စက်ကို ရေဆေးရာမှ ဓာတ်လိုက်သေဆုံးမှု ဖြစ်ခဲ့တယ်လို့ ရွှေတောင်ရွာ ရဲစခန်းက ပြောပါတယ်။
စခန်မှူး ရဲအုပ်ကျော်နိုင်စိုးက “ထွန်စက်ရေဆေးတုန်း ရေပန့်နဲ့ပလပ်ခုံကို အိပ်စ်တန်ရှင်းဝါယာနဲ့ ဆက်ဆွဲပြီး ရေဆေးတယ်၊ ရေဆေးပြီးတော့ ပလပ်မဖြုတ်ဘဲ ထွန်စက်သိမ်းတယ်။ ထွန်စက်ရဲ့ နောက်ထယ်သွား အောက်ကိုချတော့ ဆက်ဆွဲထားတဲ့ ဝါယာကို ဖိမိတယ်၊ ဝါယာပေါက်ပြီး ဓာတ်လိုက်သေဆုံးတာ တွေ့ရတယ်” လို့ ပြောပါတယ်။
ရွာအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က “လျှပ်စစ်က သတိတချက် မေ့တာနဲ့ အသက်ပါသွားစေတယ်။ ထွန်စက်ကို အလုပ်နားလို့ သိမ်းပြီဆိုရင် ဟိုက်ဒေါလစ် နာမှာစိုးလို့ ရှေ့ကဂေါ်၊ နောက်က ထယ်တွေ အောက်ချထားတယ်။ ထွန်စက်မောင်းတဲ့ ထိုင်ခုံပေါ်မှာ ဓာတ်မလိုက်သေးဘူး၊ အောက်ဆင်းတဲ့ ခြေတက်ခုံရောက်မှ ဓာတ်လိုက်ပြီး သေဆုံးတယ်”လို့ ပြောပါတယ်။
သေဆုံသွားသူဟာ ကိုအောင်ကျော်ထွန်း ဖြစ်ပြီး ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာ ရဲစခန်းမှာ သေမှုသခင်း အမှတ်စဉ် (၇/၂၀၁၇) နဲ့ အမှုဖွင့်ပြီး ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးနေပါတယ်။
သတင်း-မောင်မောင်လင်း(ဝမ်းတွင်း)











