DVB Logo
Home
မြန်မာသတင်း
ကျောက်မီးသွေးသုံးစက်ရုံ မအောင်မြင်ပါက ပြည်သူပေးသည့်ပြစ်ဒဏ် ခံယူမည်ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ်ပြော
DVB
·
June 22, 2017
Donate to DVB

ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ မအောင်မြင်ပါက ပြည်သူကပေးတဲ့ ပြစ်ဒဏ်ကို ခံယူဖို့ အသင့်ရှိကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောကြားလိုက်ပါတယ်။

ဇွန် ၂၁ ရက် နံနက်က ဘားအံမြို့ ဇွဲကပင်ခန်းမမှာ ပထမအကြိမ်ပြုလုပ်တဲ့ ဂျပန်နိုင်ငံရဲ့ နောက်ဆုံးပေါ် USC နည်းပညာနဲ့ တည်ဆောက်မယ့် ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းအတွက် ပတ်ဝန်းကျင်သက်ရောက်မှုဆိုင်ရာ (EIA) ဆန်းစစ်လေ့လာခြင်းတွေကို ဒေသခံပြည်သူတွေ ပူးပေါင်းပါဝင်ဆွေးနွေးပွဲမှာ ပြောကြားလိုက်တာပါ။

ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “အချိန်က စကားပြောပါလိမ့်မယ်။ အကျိုးကျေးဇူးကိုလည်း မကြာခင် တွေ့ရမှာပါ။ နောက် ၁၀ နှစ်မှလည်း မဟုတ်ပါဘူး။ မကြာသောကာလလေးမှာ ကန့်သတ်ချက်လေးပေါ့။ ၃ နှစ် ၄ နှစ်အတွင်းမှာ ပေါ်လာနိုင်တယ်။ အဲဒီပေါ်လာတဲ့အခါကျရင် လူထုက ပြန်ပြီးတော့ ပြောပါလိမ့်မယ်။ အဲဒီတော့ နားလည်မှုရှိတယ် ဆိုရင်တော့ ကြိုးစားပမ်းစားပေါ့နော် ဝိုင်းဝန်းကူညီစေချင်တာပေါ့။ ကျမလုပ်ထားတဲ့ အလုပ်တခုအတွက် ကျမက တာဝန်ယူတယ်။ အဲဒီအချိန်ကျရင် ကျမ လုပ်ထားတဲ့ လုပ်ငန်းက မအောင်မြင်ဘူးဆိုရင် ပြည်သူကပေးတဲ့ အပြစ်ဒဏ်ကို ကျမခံယူဖို့အသင့်ပဲ” လို့ ပြောပါတယ်။

ဒီမိုကရေစီလှုပ်ရှားမှုဆိုင်ရာ ကရင်ပြည်နယ်အမျိုးသမီးများအုပ်စုမှ  ဒေါ်မိငယ်က “ကျမတို့ ပြည်သူတွေက ကောင်းရင်တော့ အားလုံးက လက်ခံမှာပဲ။ ကျမတို့ကလည်း လက်ခံချင်တယ်။ ဒါပေမယ့် လက်ခံနိုင်တဲ့ အခြေအနေက ပြည်သူအားလုံးက လက်ခံနိုင်ဖို့ အဆင်သင့်ဖြစ်ပြီးလား ဆိုတာ အဓိကမေးခွန်း ဖြစ်ပါတယ်”လို့ ပြောပါတယ်။

အဆိုပါပူးပေါင်းပါဝင် တွေ့ဆုံဆွေးနွေးပွဲကို ERM ရဲ ESIA လေ့လာတွေ့ရှိချက်၊ စီမံကိန်းရဲ့ သတင်းအချက်အလက် လုပ်ငန်းစဉ်တွေကို ESIA နဲ့ Stakeholder လက်ခံတွေ့ဆုံ ညှိနှိုင်းဆောင်ရွက်ရန်၊ လက်ခံတွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းက ရရှိတဲ့ အထင်အမြင်တွေနဲ့ ပြန်လည်တုံ့ပြန်ထားတဲ့ အကြောင်းအရာတွေအားလုံးကို စုဆောင်းခြင်း ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပြီး ဒေသခံတွေရဲ့ သိလိုတာတွေကို သက်ဆိုင်ရာဝန်ကြီးတွေ၊ TTCL ကုမ္ပဏီတာဝန်ရှိသူတွေက ဒေသခံပြည်သူတွေရဲ့ မေးမြန်းအကြံပြု ဆွေးနွေးမှုအပေါ် အပြန်အလှန် ဖြေကြား ဆွေးနွေးခဲ့ကြပါတယ်။

ဇွန် ၁၉၊ ၂၀ ရက်နေ့တွေက ဘားအံမြို့နယ် ဝတ်ကြီးကျေးရွာအနီးဝန်းကျင်က ဒေသခံပြည်သူ ၁၀၀၀ ကျော်၊ လှိုင်းဘွဲ့မြို့နယ် ဥဒေါင်းကျေးရွာအနီးဝန်းကျင်မှ ဒေသခံပြည်သူ ၄၀၀ ကျော်က ပူးပေါင်းပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါလျှပ်စစ်မဂ္ဂါဝပ် ၁၂၈၀ စီမံကိန်းကို ၂၀၁၈ ခုနှစ်မှာ စတင်အကောင်အထည်ဖော်မှာဖြစ်ပြီး ဘားအံမြို့နယ်၊ ဝတ်ကြီး၊ ထုံးတောင် သုံးအိမ်ကျေးရွာအနီး စက်ရုံတည်ဆောက်ပြီး ကရင်ပြည်နယ်ရဲ့ လျှပ်စစ်လိုအပ်ချက်ကို ဖြည့်ဆည်းသွားမယ့်အပြင် ပိုလျှံမဂ္ဂါဝပ်တွေကို လိုအပ်တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဖြန့်ဝေသွားမယ်လို့ သိရပါတယ်။

သတင်း - ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013