DVB Logo
Home
မြန်မာသတင်း
ရည်းစားကို တရုတ်အမျိုးသားများထံ ရောင်းစားရန် ကြိုးပမ်းသူ ၃ ဦးဖမ်းဆီးရမိ
DVB
·
June 22, 2017
ရည်းစားကို တရုတ်အမျိုးသားများထံ ရောင်းစားရန် ကြိုးပမ်းသူ ၃ ဦးဖမ်းဆီးရမိ
Donate to DVB

မြန်မာအမျိုးသမီး ၂ ဦးကို တရုတ်အမျိုးသားတွေဆီမှာ ရောင်းစားဖို့  ကြိုးစားခဲ့သူ ၂ ဦးနဲ့ ပူးပေါင်းကြံစည်သူ ၁ ဦးအား မူဆယ်မြို့မှာ ဖမ်းဆီးရမိခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဆီက သိရပါတယ်။

အမျိုးသမီး ၂ ဦးဟာ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံတွေမှာ အလုပ်လုပ်ကိုင်နေသူတွေဖြစ်ပြီး ဇွန် ၁၉ ရက်က အလုပ်မဆင်းဘဲ စက်ရုံနားက နဂါးရုံဘုရားကို သွားစဉ် ဆိုင်ကယ်ကယ်ရီသမား ၂ ဦးနဲ့တွေ့ဆုံကာ သမီးရည်းစား ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဆိုင်ကယ်ကယ်ရီသမား ၂ ဦးဟာ ရွှေပြည်သာမြို့နယ် (၁၂) ရပ်ကွက်မှာနေထိုင်သူ ဆန်းဝင်းနိုင် (ခ) လွမ်းကိုနဲ့ ဒညင်းကုန်းရပ်ကွက်မှာ နေထိုင်သူ ဟိန်းလင်းထက် (ခ) ဖြိုးဝေ ဖြစ်ပါတယ်။

သမီးရည်းစားဖြစ်ပြီး ညနေပိုင်းမှာတော့ ရွှေပြည်သာမြို့နယ်ထဲက တည်းခိုခန်းတခုမှာ လွမ်းကိုနဲ့ ဖြိုးဝေတို့ဟာ သူတို့ရဲ့ ရည်းစားတွေနဲ့ တခန်းစီအတူတည်းခိုခဲ့ပြီး ဖြိုးဝေက လူရပြီလို့ လှိုင်သာယာ ၈ ရပ်ကွက်နေ လူပွဲစား မအိကေခိုင်ဆီကို ဖုန်းဆက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ ညနေပိုင်းမှာပဲ မအိကေခိုင်က ဖြိုးဝေကို တည်းခိုနေထိုင်ဖို့အတွက် ငွေကျပ် ၃ သောင်းထုတ် ပေးခဲ့တယ်လို့ သိရပါတယ်။

မအိကေခိုင်ဟာ နောက်တစ်နေ့ ဇွန် ၂၀ ရက်  မနက်ပိုင်းမှာ တည်ခိုးခန်း ရှေ့ရောက်ရှိလာကာ သူတို့ ၄ ဦးကို အ၀တ်အစား စီစဉ်ပေးခဲ့ပြီး အမျိုးသမီး ၂ ဦးကိုတော့ လှည်းတန်းဘက်မှာ ဆံပင်ပုံစံပြောင်းပေးခဲ့ပါတယ်။

ဖြိုးဝေဟာ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ကယ်ရီဆွဲနေစဉ် တရုတ် ယောက်ျားနဲ့ ပေးစားဖို့အတွက် အမျိုးသမီး ၂ ဦးရှာခိုင်းပြီး အမျိုးသမီးတဦးကို ၁၅ သိန်းပေးမယ်လို့ မအိကေခိုင်က ပြောဆိုခဲ့တယ်လို့ ရဲစစ်ချက်မှာ ထွက်ဆိုထားပါတယ်။

မအိကေခိုင်ဟာ မန္တလေးမှာ အလုပ်ရှာပေးမယ်ဆိုပြီး မူဆယ်အထိ ခေါ်ဆောင်လာခဲ့ကာ လမ်းခရီးစစ်ဆေးမှုတွေမှာ ခိုးရာလိုက်ပြေးလာလို့ ဖြေဖို့မှာထားတယ်လို့ သိရပါတယ်။

ဇွန် ၂၁ရက်နေ့ နေ့လယ်ပိုင်းမှာတော့ မူဆယ်မြို့ သိန်းသန်းချီအဝေးပြေးကားဝင်းကို ရောက်ရှိခဲ့ကြပြီး လှေဆိပ်ကနေ တရုတ်နိုင်ငံသို့ ၀င်ရောက်ဖို့ ဆိုင်ကယ်ကယ်ရီငှားနေစဉ် မသက်ာမှုနဲ့ ခေါ်ယူစစ်ဆေး ရာကနေ အခုလို ဖမ်ဆီးမိခဲ့တာပါ။

တရုတ်ယောက်ျားတွေထံ ရောင်းစားဖို့ခေါ်လာတဲ့ တရားခံတွေကို မူဆယ်မြို့မရဲစခန်းက (ပ)၂၂၇/၂၀၁၇၊ လူကုန်တားဥပဒေပုဒ်မ ၂၈(က)/၃၂ နဲ့ အမှုဖွင့် ဆောင်ရွက်ထားပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေက ကယ်တင်ထားတဲ့ အမျိုးသမီး ၂ ဦးကိုတော့   မူဆယ်လူ ကုန်ကူးခံရသူတွေ ယာယီစောင့်ရှောက်ရေး ဂေဟာမှာ အပ်နှံထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013