
တနင်္သာရီတိုင်းဒေသကြီး သစ်တောထွက်ပစ္စည်း လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရေးအတွက် အလုပ်ရုံဆွေးနွေးပွဲတခုကို ဇွန် ၂၁ ရက်နေ့က မြိတ်မြို့ ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးမှာ ကျင်းပခဲ့ပါတယ်။
သစ်တောထွက်ပစ္စည်းကို ထုတ်ယူရာမှာ တရားဝင်ဖြစ်ဖို့၊ နည်းပညာပိုင်း အကူအညီတွေ၊ ဈေးကွက်ရရှိရေးအတွက် ဆောင်ရွက်ပေးဖို့ ဖွဲ့စည်းတာဖြစ်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ဆက်လက်ဖွဲ့စည်းနေတယ်လို့ အသင်းတာဝန်ရှိသူက ပြောပါတယ်။
“အသင်းအနေနဲ့ အများအကျိုးကို ဖြစ်ထွန်းစေမယ့်ကိစ္စတွေမှာ ပူးပေါင်းပါဝင်နေပါတယ်။ လက်ရှိအနေနဲ့ FLEGT နဲ့ တရားဝင်ကုန်ကြမ်း သယံဇာတွေ ရေရှည်တည်တံ့ခိုင်မြဲရေး ဆိုတဲ့ကိစ္စမှာ ပူးပေါင်းပါဝင်နေပါတယ်။ သစ်ပင်စိုက်ခြင်း၊ စိုက်ခင်းလုပ်ငန်း၊ သင်တန်းတွေ ပေးတာတွေ ဆောင်ရွက်နေပါတယ်။ ကျနော်တို့ ပရိဘောဂလုပ်ငန်းတွေ အားကောင်းလာဖို့ဆိုရင် နည်းပညာပိုင်းတွေ၊ ကျွမ်းကျင်လုပ်သားတွေထွက် ပေါ်လာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းတွေကို ဖော်ဆောင်နေပါတယ်” လို့ သစ်အခြေခံ ပရိဘောဂလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးနေလင်းအောင်က ပြောပါတယ်။
မြိတ်ခရိုင်အတွင်းက လုပ်ငန်းရှင်တွေ တက်ရောက်လာပြီး လုပ်ငန်းရှင်များအသင်း ဖွဲ့စည်းရေးကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
သစ်တောထွက်ပစ္စည်း လုပ်ငန်းငန်းရှင်များအသင်းအနေဖြင့် ပရိဘောဂပြပွဲများကို ရန်ကုန်မှာ တနှစ်ကို နှစ်ကြိမ် ဆောင်ရွက်နေပြီး တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေမှာလည်း ပြပွဲတွေ ဆောင်ရွက်စီစဉ်နေတယ်လို့ ဦးနေလင်းအောင်က ဆက်လက်ပြောပါတယ်။
သစ်နဲ့ပတ်သက်ပြီး ဖွဲ့စည်းထားတဲ့ အသင်တွေ စုပေါင်းပြီး အများပိုင်ကုမ္ပဏီတခု တည်ထောင်ဖို့အတွက် ရည်ရွယ်ထားပြီး နယ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အသေးစားလုပ်ငန်းများ အဖြစ် ရပ်တည်နေခြင်းမှ စက်ရုံ အလုပ်ရုံတွေ တည်ဆောက်နိုင်ဖို့ ကူညီပေးမယ့်အပြင် ဒေသခံလူငယ်တွေကို သင်တန်းတွေ စေလွှတ်ပြီး ဒေသအတွင်း ပြန်လည်အကျိုးပြုတဲ့ လုပ်ငန်းတွေ၊ နည်းပညာပိုင်းနဲ့ဈေးကွက် ဖော်ဆောင်ရေးအတွက် ဆောင်ရွက်သွားနိုင်စေဖို့ ရည်မှန်းလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
သတင်း - မြတ်ထွဋ် (မြိတ်)











