DVB Logo
Home
မြန်မာသတင်း
အန်စီအေ ညှိနှိုင်းစဉ် ပါဝင်ခဲ့သည့် တိုင်းရင်းသား၂၁ ဖွဲ့ကိုသာ အစိုးရက လက်ခံမည်
DVB
·
June 22, 2017
Donate to DVB

အစိုးရအနေနဲ့ အန်စီအေ ဆွေးနွေးညှိနှိုင်းစဉ်က ပါဝင်ခဲ့တဲ့ တိုင်းရင်းသား ၂၁ ဖွဲ့ကိုသာ လက်ခံမှာဖြစ်ပြီး  ကျန်တဲ့အဖွဲ့သစ်တွေ ပေါ်ပါက်လာခြင်းနဲ့ အဖွဲ့သစ်တွေ တိုးလာခြင်းကို လက်ခံမှာ မဟုတ်ဘူးလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောပါတယ်။

မနေ့က ညနေက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ  ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ (ယူအန်အက်ဖ်စီ) ပြင်ဆင်ဖွဲ့စည်းမယ့် သတင်းအပေါ်ခုလို ရှင်းလင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ အရင်အစိုးရ၊ တပ်မတော်နဲ့ အန်စီအေညှိနှိုင်းခဲ့စဉ်က ပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၁ ဖွဲ့ကိုသာ အသိအမှတ်ပြု လက်ခံမယ်၊ ကြားကာလမှာ  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့သစ်တွေ ပေါ်လာပြီး အန်စီအေမှာ နောက်ထပ် ထပ်တိုးအဖြစ် ပါလာမယ်ဆိုပါက  လက်ခံဖို့ အခက်အခဲရှိတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

လက်ရှိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ယူအန်အက်စီ ညီလာခံကျင်းပနေပြီး ဒီအစည်းအဝေးပွဲမှာ ယူအန်အက်ဖ်စီကို ပြင်ဆင်ဖွဲ့စည်းဖို့ရှိတယ်လို့ သတင်းရရှိကြောင်းနဲ့ အစိုးရရဲ့ သဘောထားကို ပြောကြားဖို့ ငြိမ်းချမ်းရေးကော်မရှင်မှ ဒေါက်တာမင်းဇော်ဦးကို အစည်းအဝေး တက်ရောက်ဖို့ စေလွှတ်ထားပါတယ်။

ယူအန်အက်ဖ်စီ ပြင်ဆင်ဖွဲ့စည်းပြီးမှ အစိုးရရဲ့ သဘောထားကို လက်ခံနိုင်ခြင်း၊ လက်မခံနိုင်ခြင်း အခြေအနေတွေ ရှုပ်ထွေးသွားမှာကို စိုးရိမ်ပြီး ညီလာခံမတိုင်ခင်ကတည်းက ကြိုတင်စေလွှတ်ခဲ့တာလို့  ဦးဇော်ဌေးက ပြောပါတယ်။

ဒါ့အပြင် ယူအန်အက်ဖ်စီဖက်က တောင်းဆိုထားတဲ့ အချက် ၉ ချက်နဲ့ပတ်သက်ပြီး ညှိနှိုင်းနေကြောင်းနဲ့ ညှိနှိုင်းဆွေးနွေးပွဲ ၆ ကြိမ်မြောက် ရန်ကုန်မှာ ဆက်လက်ကျင်းပဖို့ရှိတယ်လို့ သိရပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ပေါင်းစု ဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ(ယူအန်အက်ဖ်စီ)ရဲ့ ဒုတိယအကြိမ်မြောက် ညီလာခံကို  ထိုင်းနိုင်ငံ ချင်းမိုင်မြို့ မှာ  ဇွန် ၂၀ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပနေပါတယ်။

ယူအန်အက်ဖ်စီတပ်ပေါင်းစု မဟာမိတ်အဖွဲ့ကနေ ကချင်နဲ့ ဝ အဖွဲ့ နုတ်ထွက်လိုက်တဲ့အတွက် လက်ရှိယူအန်အက်ဖ်စီအဖွဲ့ထဲမှာ  မွန်ပြည်သစ်ပါတီ (အန်အမ်အက်စ်ပီ)၊ ရှမ်းပြည်တပ် မတော်-ရှမ်းပြည်တိုးတတ်ရေးပါတီ (အက်စ်အက်စ်ပီပီ/အက်စ်အက်စ်အေ)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (ကေအန်ပီပီ)၊ လားဟူဒီမိုကရက်တစ်ယူနီယံ (အယ်လ်ဒီယူ)နဲ့ ရခိုင်အမျိုးသား ကောင်စီ (အေအန်စီ) ၅ ဖွဲ့သာ ကျန်ရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013