မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ မိသားစုဘဝတွေ လူမှုအသိုင်းအဝိုင်းမှာ ပါဝင်ဆောင်ရွက်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် တပိုင်တနိုင် ကူညီပံ့ပိုးပေးနိုင်ရေးအတွက် ပဲခူးမြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။
ပဲခူးမြို့၊ ဥဿာမြိုသစ်စ်၊ ရပ်ကွက်ကြီး ၂ မှာရှိတဲ့ MERINDER HOTEL မှာ ဇွန်လ ၂၀ ရက်နေ့က မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူတွေကို ဆေးကုသပေးတာတွေ၊ ပြန်လည်ထူထောင်ရေး လုပ်ပေးတာတွေ၊ ခြေတု လက်တုနဲ့ ဝှီးချဲတွေ ကူညီပေးတာတွေအပြင် မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေရဲ့ မိသားစုဘဝတွေ လူမှုအသိုင်းအဝိုင်းမှာ ပါဝင်ဆောင်ရွက်နိုင်ရေးနဲ့ ပြန်လည်ထူထောင်ရေးအတွက် တပိုင်တနိုင် ကူညီပံ့ပိုးပေးနိုင်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတရပ်ကို ကျင်းပပြုလုပ်ခဲ့တာပါ။
World Education အဖွဲ့ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ခင်မာအောင်က “မိုင်းအန္တရာယ်ဟာ ပဲခူးတိုင်းမှာဆို ရွှေကျင်၊ ကျောက်ကြီ၊ ဖြူးနဲ့ ကရင်ပြည်နယ် စတဲ့ဒေသတွေဟာ မိုင်းအန္တရယ် အများဆုံး ဧရိယာဖြစ်တဲ့အတွက် မိုင်းဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူတွေကို ကူညီထောက်ပံ့တာတွေ ပြန်လည်ထူထောင်ရေးလုပ်ငန်တွေ လုပ်ပေးတာအပြင် မိုင်းနဲ့ ပတ်သက်တဲ့ အသိပညာတွေ ဖြန့်ဝေပေးသင့်တယ်” လို့ ပြောပါတယ်။
ပဲခူးတိုင်းလူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသုတက “မိုင်းအန္တရာယ်ဟာ ကျနော်တို့ ပဲခူးတိုင်းမှာဆိုရင် အောက်ဘက်ကနေစကြည့်ရင် ရွှေကျင်၊ ကျောက်ကြီး၊ ဖြူး၊ ထန်းတပင်ပေါ့နော်။ ဒီမြို့နယ်တွေမှာ ကရင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဧရိယာပေါ့နော်။ ဒီနေရာတွေမှာ မိုင်းအန္တရာယ်ရှိပါတယ်။ မြန်မာတနိုင်ငံလုံးမှာဆိုရင်လည်း ကရင်ပြည်နယ်နဲ့ ဆက်စပ်ဧရိယာနဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဧရိယာ မိုင်းအများဆုံးဧရိယာ ဖြစ်ပါတယ်။ မိုင်းနဲ့ပတ်သက်လို့ World Education တို့၊ ကျန်တဲ့ INGOs ဟာ အသက်မွေးဝမ်းကျောင်းကို ထောက်ပံ့ပေးတဲ့လုပ်ငန်းအပြင် မိုင်းနဲ့ပတ်သက်တဲ့ အသိပညာလေးတွေ ဖြန့်ဝေပေးဖို့လည်း လိုပါတယ်” လို့ ပြောပါတယ်။
မိုင်းထိခံရသူတဦးဖြစ်တဲ့ ရွှေကျင်မြို့နေ ကိုမောင်စိုးကလည်း သူ့ရဲ့ ဘဝဖြတ်သန်းနေရပုံကို ခုလို ရှင်းပြပါတယ်။
“၂၀၁၀ မှာ မိုင်းထိတယ်။ ၂၀၁၀ ကနေပြီးတော့ ဒီလိုပဲ ရှာကြံစားနေတာ အခုလို တဖြည်းဖြည်း ဖြစ်လာတာ။ ပေါင်ပြတ်တုန်းကတော့ ဒုက္ခရောက်တာပေါ့။ နေစရာထိုင်စရာ ရှိပေမယ့်လည်း စားစရာ သောက်စရာ အခက်အခဲရှိတာပေါ့။ တဖြည်းဖြည်းနဲ့ ဒီတိုင်း လုပ်စားရင်းနဲ့ပဲ အဆင်ပြေလာတယ်။”
World Education အနေနဲ့ အခုလို မိုင်းဒဏ်သင့်ပြည်သူတွေကို ၂၀၁၂ ခုနှစ်ကတည်းကနေ ကယားပြည်နယ်၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ် စတဲ့ဒေသတွေက မိုင်းဒဏ်သင့် ပြည်သူ ၁၅၀ ကျော်ကို ကူညီထောက်ပံ့မှုတွေ ပြုလုပ်ပေးနိုင်ခဲ့ပြီး ပဲခူးတိုင်းမှာတော့ ၂၀၁၆ ခုနှစ်ကမှ စတင်က ယခုဆို မိုင်းဒဏ်သင့်ခရသူ ၂၅ ဦးကို ကူညီးပေးနိုင်ခဲ့ပါတယ်။
ဇွန်လ ၂၀ ရက်နေ့ကတော့ မိုင်းထိခဲ့သူတွေကို ဝှီးချဲနဲ့ ချိုင်းထောက်တွေ ပံ့ပိုးကူညီခဲ့တယ်လို့ သိရပါတယ်။
သတင်း - အောင်စိုးမိုး(ပဲခူး)











