
အကြမ်းဖက်သမားတွေက မေယုတောင်ကြောမှာ အခိုင်အမာ ခံတပ်တွေနဲ့ လှိုဏ်ခေါင်းတွေ တူးပြီးတော့ နေကြတယ်လို့ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်- မောင်တော ဒေသ မေယုတောင်ကြောမှာ အကြမ်းဖက်သမားတွေ ခိုအောင်းနေတဲ့ နေရာတွေကို တပ်မတော်၊ ဒေသခံပြည်သူ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ရှင်းလင်းရေးတွေ ပြုလုပ်နေတယ်လို့ ဦးဇော်ဌေးက ပြောကြားလိုက်ပါတယ်။
“ဖမ်းဆီးရမိတဲ့ စာရင်းတော့မရှိသေးဘူး။ မနေ့ကစဖြစ်တယ်ပေါ့။ အသေဖမ်းဆီးရမိတာ ၃ ယောက်ရှိတယ်။ ဒီလှိုဏ်ခေါင်းတွေမှာ တူးပြီးတော့ သေနတ်တွေလည်းထားတယ်။ ပုံတူသေနတ်တွေနဲ့ Training ပေးပြီးတော့ ဒီစတိုင်ကဘာလဲဆိုတော့ ဒီစတိုင်ကိုကြည့်လိုက် လှိုဏ်ခေါင်းတွေရှိတယ်၊ ပါကစ္စတန် အာဖဂန်နစ္စတန် အဲပုံစံမျိုး ဒီတောင်ကုန်းတွေမှာ အခိုင်အမာ ခံတပ်တွေ လှိုဏ်ခေါင်းတွေ အခိုင်အမာတူးပြီးတော့ နေနေတဲ့ ပုံစံမျိုးလုပ်နေတယ်တဲ့ သဘောပေါ့”လို့ ဦးဇော်ဌေးက ပြောပါတယ်။
မေယုတောင်ကြောပေါ်မှာ အကြမ်းဖက်သင်တန်းတွေ လုပ်ဆောင်နေတဲ့ နေရာတွေကို ဇွန်လ ၂၀ ရက်နေ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်စဉ်မှာ လှိုဏ်တခု၊ သေနတ်တွေ၊ လူနေတဲ့ ဂိုဒေါင်တွေ၊ စားနပ်ရိက္ခာတွေနဲ့ အသုံးဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး ရန်ပြုသူ ၃ ဦးကို အသေ ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။
သတင်း - အောင်ကိုကိုလတ်











