DVB Logo
Home
မြန်မာသတင်း
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကရင်ဒေသခံများ ကန့်ကွက်
DVB
·
June 21, 2017
ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ကရင်ဒေသခံများ ကန့်ကွက်
Donate to DVB

ကရင်ပြည်နယ်အတွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်မှာနဲ့ ပတ်သက်ပြီး အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၅၀ လောက်က ကန့်ကွက်လိုက်ပါတယ်။

ကရင်အရပ်ဘက်အဖွဲ့အစည်း ၃၃ ဖွဲ့နဲ့ မြန်မာတနိုင်ငံလုံးရှိ အရပ်ဘက်လူမှုအဖွဲ့အစည်း ၁၁၄ ဖွဲ့က ကန့်ကွက်လိုက်တာဖြစ်ပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ လျှပ်စစ်ဓာတ်အား ၁၂၀၀ မဂ္ဂါဝပ်ထွက်ရှိမယ့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ဆောက်ဖို့အတွက် ကြိုတင်ဆန်းစစ်လေ့လာ ချက်တွေကို ဇွန် ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ၀တ်ကြီး၊ ဥဒေါင်းနဲ့ ဘာအံမြို့တွေမှာ  ပြည်နယ်အစိုးရနဲ့ တိုယိုထိုင်းကုမ္ပဏီတို့ လူထုတွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

လူထုတွေ့ဆုံပွဲမှာ ကုမ္ပဏီဘက်က ကျောက်မီးသွေးသုံး ဓာတ်ပေးစက်ရုံ တည်ဆောက်မှုနဲ့ ပတ်သက်ပြီး ကောင်းကျိုးသာပြောဆိုပြီး ဆိုးကျိုးရှင်းမပြသလို ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ကန့်ကွက်ရတာလို့ ကရင်လူထုအဖွဲ့ရဲ့ ပြောခွင့်ရသူ နန်းမြင့်အောင်က ပြောပါတယ်။

“နည်းပညာက ဂျပန်နည်းပညာ Clean Coal Technology သုံးမယ်လို့ သူတို့ ပြောတယ်။ ဒါပေမယ့် Clean Coal Technology ဆိုကျိုးက သူတို့မပြောဘူး။ ကောင်းကျိုးတွေပဲ ပြောတယ်။ ဒီရဲ့ negative impact ကို သူတို့မပြောဘဲ။ ကျမတို့ပြည်သူလူထုတွေ သိတာက ကျောက်မီးသွေး ဆိုတာ မကောင်းဘူးပေါ့နော်။ ဒါပေမယ့် သူတို့ ဒီနေ့ပြလိုက်တဲ့ သူတို့ရဲ့တင်ပြချက်အရ ဂျပန်မှာ သွားလေ့လာတဲ့ သူတွေရဲ့ ပြောဆိုချက်က အကောင်းတွေပဲ သူတို့ပြောတော့ ဒါက ဘာမှမသိတဲ့ လူထုတွေက သူတို့လက်ခံမှာပဲ။ ကန့်ကွက်တယ်ဆိုတာ information အတိအကျမရဘူး။ ပြီးရင် သူတို့က ဆိုးကျိုးတွေလည်း ဘာမှ မချပေးဘူးပေါ့နော်။”

စီမံကိန်းလုပ်ဆောင်မယ့်နေရာဟာ ကရင်အမျိုးသားအစည်းအရုံးနဲ့ မြန်မာအစိုးရတို့ရဲ့ အုပ်ချုပ်မှု ဆက်စပ်နယ်မြေမှာ တည်ရှိတဲ့အတွက်ကြောင့် ခိုင်မာတဲ့ ငြိမ်းချမ်းရေး မရသေးခင် ဒီစီမံကိန်း လုပ်ဆောင်တာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်နိုင်တယ်လို့လည်း အရပ်ဘက်အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။

အဆိုပါ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ဘားအံမြို့နယ် ၀တ်ကြီးကျေးရွာတ၀ိုက်ရှိ သံလွင်ဘေးမှာ လုပ်ဆောင်ဖို့ ရည်မှန်းထားတာဖြစ်ပါတယ်။

ဒါ့အပြင် လျှပ်စစ်ထုတ်လုပ်မှုက မဂ္ဂါဝပ် ၁၂၀၀ ကျော်ရရှိမှာဖြစ်ပေမယ့် ကရင်ပြည်နယ်တွင်း ဓာတ်အား လိုအပ်မှုက ၂၀၀ မဂ္ဂါဝပ်လောက် လိုအပ်မှာဖြစ်ပြီး ကျန်တာကို ရောင်းချမှာဖြစ်ပါတယ်။

ဒီလိုရောင်းချတဲ့နေရာမှာလည်း ဘယ်ကိုရောင်းပြီး ဘယ်သူတွေအကျိုးအမြတ်ခံစား ရမလဲဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြဆိုတာမျိုး မရှိဘူးလို့လည်း ကရင်အဖွဲ့အစည်းတွေက  ပြောပါတယ်။

အဆိုပါကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံကို ၂၀၁၈ မှာ စတင်ပြီး ၂၀၂၂ မှာ လည်ပတ်နိုင်ဖို့ ရည်ရွယ်ထားကြောင်းသိရပါတယ်။

ကရင်ပြည်နယ်အစိုးရအနေနဲ့ ဖွံ့ဖြိုးရေးအတွက် စွမ်းအင်ကဏ္ဍကို မြှင့်တင်ဖို့ အားထုတ်ရာမှာ ကုန်ကျစရိတ်သက်သာတဲ့ ရွေးချယ်စရာ ပြည့်မြဲစွမ်းအင်နဲ့ တိုးတက်ပြီး လက်တွေ့ကျတဲ့ နည်းပညာ အမြောက်အမြား ရှိနေပေမယ့် သဘာဝပတ်ဝန်းကျင်နဲ့ လူမှုဘ၀လုံခြုံမှုကို ခြိမ်းခြောက်ပြီး ရေရှည်ဖွံ့ဖြိုးရေး ထိခိုက်စေတဲ့ ကျောက်မီးသွေးကို အကောင်အထည်ဖော်ဖို့ ရွေးချယ်တာနဲ့ ပံ့ပိုးကူညီနေတာတွေကို လုံးဝကန့်ကွက်ကြောင်းလည်း အရပ်ဖက်အဖွဲ့အစည်းတွေက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013