ပြည်ပတွင်မွေးသည့် မြန်မာကလေးများ အခွင့်အရေးမဆုံးရှုံးရန် ဆောင်ရွက်မည်
နော်နိုရင်း
·
June 21, 2017

ပြည်ပရောက် မြန်မာနိုင်ငံသားအချင်းချင်း လက်ထပ်ပေါင်းသင်းရာမှ မွေးဖွားလာတဲ့ ကလေးငယ်တွေရဲ့ မွေးစာရင်းရရှိရေးနဲ့ ပညာရေး ကျန်းမာရေး မဆုံးရှုံးဖို့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားလိုက်ပါတယ်။
ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ လွိုင်ကော်အမတ် ဒေါက်တာဒေါ်ခင်စည်သူက တရား မဝင် သွားရောက်အလုပ်လုပ်ကိုင်ကြတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားအချင်းချင်း လက်ထပ်ပေါင်းသင်းရာမှ မွေးဖွားလာတဲ့ ကလေးတွေကို မြန်မာအစိုးရက မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု၊ တရားဝင်မွေးစာရင်း ထုတ်ပေးဖို့နဲ့ တရားဝင်ကျောင်းသားအဖြစ် လက်ခံသင်ကြားပေးဖို့ အစီအစဉ်ရှိ၊ မရှိ မေးမြန်းချက်ကို ၀န်ကြီးက ပြန်လည်ဖြေကြားသွားတာပါ။
ဦးသိန်းဆွေက “၀န်ကြီးဌာနအနေနဲ့ တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများနဲ့ အညီသာ ဆောင်ရွက်ပေးနိုင်ပါတယ်။ သို့ရာတွင် မွေးစာရင်းကိစ္စကတော့ ကျနော်တို့ ကျန်းမာ ရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်ပါမယ်။ ပညာရေးကိစ္စကိုလည်း ပညာရေးဝန်ကြီးဌာနနဲ့ ညှိနှိုင်းပြီးတော့ ကျနော်တို့ နိုင်ငံသားတွေရဲ့ ကလေးတွေ နိုင်ငံသားပြန်လည်ရရှိရေးနဲ့ သူတို့ရဲ့ အခွင့်အရေးတွေ၊ ပညာရေး၊ ကျန်းမာရေးကိစ္စတွေ မဆုံးရှုံးရေးအတွက်ကို ကျနော်တို့ ညှိနှိုင်းပြီးတော့မှ စီစဉ်ဆောင်ရွက်သွားမယ်” လို့ ပြောပါတယ်။
ပြည်ပမှာ တရားမ၀င်အလုပ်လုပ်သွားလုပ်တဲ့ မြန်မာနိုင်ငံသားတွေကနေ မွေးဖွားတဲ့ ကလေးငယ်တွေဟာ မွေးဖွားတဲ့ နိုင်ငံရဲ့ နိုင်ငံသားဖြစ်ခွင့်မရှိသလို မြန်မာနိုင်ငံမှာလည်း မွေးစရင်းမရှိလို့ နိုင်ငံသား ဖြစ်ခွင့်မရဘဲ နိုင်ငံမဲ့ဘ၀နဲ့ နေထိုင်နေကြရတာ ဖြစ်ပါတယ်။
မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတခုထဲမှာတင် မြန်မာနိုင်ငံက အလုပ်သမားပေါင်း ၃ သန်းကျော် ၀င်ရောက်လုပ်ကိုင်နေတယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။