DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းသဘာဝနယ်မြေများ ရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေး
DVB
·
June 21, 2017
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝနယ်မြေများ ရေရှည်တည်တံ့စေရန် ရည်ရွယ်ပြီး စီမံအုပ်ချုပ်မှု အထောက်အကူပြုအဖွဲ့နဲ့သက်ဆိုင်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို မုံရွာမြို့၊ ကျောက်စိမ်းဟိုတယ်မှာ ဇွန် ၂၁ ကနေ ၂၂ ရက်ထိ နှစ်ရက်တာ ပြုလုပ်နေပါတယ်။

အလုပ်ရုံဆွေးနွေးပွဲကို တိုင်းဒေသကြီးအတွင်းက သဘာဝနယ်မြေများ စီမံအုပ်ချုပ်မှု အထောက်အကူပြုအဖွဲ့တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ဇီဝမျိုးစုံ မျိုးကွဲထိန်းသိမ်းရေးလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောပါတယ်။

ယနေ့အထိ သဘာဝနယ်မြေ ၃၉ ခု၊ နိုင်ငံ့ဧရိယာရဲ့ ၅ ဒသမ ၇၅ ရာခိုင်နှုန်းကို တည်ထောင်ထားပြီး နောက်ထပ် သဘာဝနယ်မြေ ၇ ခု၊ နိုင်ငံ့ဧရိယာရဲ့ ၁ ဒသမ ၀၉ ရာခိုင်နှုန်း ကို တိုးချဲ့ဖို့ အဆိုပြုထားပြီး ဖြစ်တယ်လို့သိရပါတယ်။

ဒီအလုပ်ရုံဆွေးနွေးပွဲမှာအဖွင့်မိန့်ခွန်းပြောကြားခဲ့တဲ့ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်က“သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန နှစ် ၃၀ အမျိုးသားသစ်တောကဏ္ဍ ပင်မစီမံကိန်းမှာ နိုင်ငံဧရိယာရဲ့ ၁၀ ရာခိုင်နှုန်းထိ တိုးချဲ့ရန် ရည်မှန်းချက် ချမှတ်ထားတယ်။ ရည်မှန်းချက်ပြည့်မီဖို့ အဆိုပြု သဘာဝနယ်မြေတော်တော်များများကို ရှာဖွေဖို့ လိုအပ်နေသေးတယ်။ ဌာနေတိုင်းရင်းသားတွေနှင့် ဒေသခံပြည်သူတွေ စီမံအုပ်ချုပ်နေတဲ့ သစ်တောတွေကို တရားဝင်အသိအမှတ်ပြုနိုင်တဲ့ နည်းလမ်းတွေ ရှာဖွေပြီး ထိန်းသိမ်းရေး၊ သဘာဝနယ်မြေများ တိုးချဲ့နိုင်မယ့် အခွင့်အလမ်း ရှာဖွေဖော်ထုတ်ဖို့လည်းလိုအပ်တယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ တည်ထောင်ပြီး သဘာဝနယ်မြေအဖြစ် ချပ်သင်းတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ မင်းဝံတောင် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တော၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်နှင့် ဟူးကောင်းချိုင့်ဝှမ်း တိုးချဲ့ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဆိုပြီး ၅ ခု ရှိပါတယ်။

နောက်ထပ် အဆိုပြုဧရိယာတွေအဖြစ် မဟာမြိုင် တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော၊ ဗောဓိတစ်ထောင် သဘာဝကြိုးဝိုင်းနဲ့ ဇလုံတောင်အမျိုးသားဥယျာဉ်၊ လင်းနို့ဂူ စတဲ့ ၄ နေရာတို့ကို တိုးချဲ့ပြီး သဘာဝတောတွေအဖြစ် တည်ထောင်သွားရန် အဆိုပြုထားတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက သဘာဝတောတွေအတွင်း ဆင် အပါအဝင်၊ ငှက်မျိုးစုံနဲ့ ရှားပါးတောရိုင်းတိရစ္ဆာန်များစွာ ရှိနေတာပါ။

သဘာဝနယ်မြေတွေကို နိုင်ငံတော်ရဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းရေးဆိုင်ရာ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့၊ မြန်မာနိုင်ငံမှာသာတွေ့ရတဲ့ ဒေသမျိုးရင်းအပင်နဲ့ သတ္တဝါတို့ကို ကာကွယ်ထိန်းသိမ်းဖို့၊ သဘာဝသိပ္ပံဆိုင်ရာ သုတေသနလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ကာ သဘာဝတောတွေကို ဖွဲ့စည်းတာဖြစ်ပြီး မြန်မာနိုင်ငံမှာ သဘာဝနယ်မြေ အမျိုးအစား ၇ မျိုး ရှိပါတယ်။

ဒီလို သဘာဝနယ်မြေတွေ တည်ထောင်ခြင်းအားဖြင့် သဘာဝ အခြေခံခရီး သွားလုပ်ငန်းကိုလည်း ဖွံ့ဖြိုးတိုးတက်လာစေနိုင်ပြီး ဒေသဖွံ့ဖြိုးရေး၊ ဒေသခံ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေးတွေကို ရှေးရှုနိုင်မှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲ တက်ရောက်သူတွေက ဆိုပါတယ်။

၂ ရက်တာ ပြုလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲကို သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာနက ဦးဆောင်ကျင်းပတာဖြစ်ပြီး မိတ်ဖက်အဖွဲ့အစည်းများ၊ ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013