DVB Logo
Home
မြန်မာသတင်း
ဘဏ်စာရင်းများပိတ်ခံရပြီးနောက် တရုတ်ပြည်သို့ မြန်မာဆန်တင်ပို့မှု ထိခိုက်လာနေ
DVB
·
June 21, 2017
ဘဏ်စာရင်းများပိတ်ခံရပြီးနောက် တရုတ်ပြည်သို့ မြန်မာဆန်တင်ပို့မှု ထိခိုက်လာနေ
Donate to DVB

မန္တလေးမြို့ကနေ တရုတ်ပြည်ဘက်ကိုပို့နေတဲ့ ဆန်စပါးတွေ အခုရက်ပိုင်း အရောင်းအ၀ယ် ရပ်ဆိုင်းသလောက်ဖြစ်နေတယ်လို့ မန္တလေးတိုင်းဒေသကြီး ဆန်စပါး ကုန်သည်များအသင်းက ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ  စီးပွားရေးလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသားတွေ အပ်နှံထားတဲ့ ဘဏ်စာရင်းတွေကို တရုတ်အစိုးရက ပိတ်ထားတာကြောင့် တရုတ်ပြည်ဘက်ကို ပို့နေတဲ့ ဆန်တွေ အခုရက်ပိုင်း အရောင်းအ၀ယ် ရပ်ဆိုင်းသလောက်ဖြစ်နေတာလို့ မန္တလေးတိုင်း ဆန်စပါးကုန်သည်များအသင်း အတွင်းရေးမှူး ဦးစိုင်းကျော်က ပြောပါတယ်။

မန္တလေးဆန်ပွဲရုံတွေက တရုတ်ပြည် လွယ်ကျယ်ထိ အရင်လတွေက ဆန်အိတ် ၆၀၀၀ ကျော်ထိ အရောင်းအ၀ယ်တွေရှိခဲ့ပြီး တရုတ်ပြည်ဘက်က ဖမ်းဆီးမှုတွေနဲ့ ဘဏ်စာရင်းပိတ်သိမ်းခဲ့တာကြောင့် မန္တလေးက ဆန်ပွဲရုံတွေမှာ ကုန်သည်တွေ လာရောက်ဝယ်မှု နည်းသွားပြီးလို့  မန္တလေးက ဆန်ပွဲရုံပိုင်ရှင်တွေကလည်း ပြောပါတယ်။

မြန်မာနိုင်ငံကနေ ဆန်စပါးအပြင် ပြောင်း၊ ပဲ၊ သကြားတွေကိုလည်း တရုတ်ပြည်ဘက်ကို ပို့ဆောင်နေတာတွေရှိခဲ့ပြီး ဘဏ်စာရင်းတွေကို ပိတ်သိမ်းခဲ့တာကြောင့် မန္တလေးမြို့က ဆန်မျိုးစုံနဲ့ ပဲမျိုးစုံအရောင်းအ၀ယ် လုပ်ကိုင်သူတွေမှာလည်း အခက်အခဲတွေ ရှိတယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မူဆည်နယ်စပ် ကုန်သွယ်ရေးစခန်းကတဆင့် တင်ပို့နေတဲ့ မြန်မာကုန်သည်ပိုင် ဆန်နဲ့ သကြား ကုန်ကားတွေကို မကြာခဏ ဖမ်းဆီးမှုတွေ ပြုလုပ်နေတာလည်းရှိပါတယ်။

ဆန်နဲ့ သကြားကို မြန်မာနိုင်ငံကနေ တရားဝင် တင်ပို့နေပေမယ့် တရုတ်နိုင်ငံရဲ့ ဥပဒေအရ ဝယ်သူက အခွန်ပေးဆောင်ရမှု ပမာဏများပြားတဲ့အတွက်  အခွန်မဆောင်ပဲ တင်သွင်းခဲ့တဲ့ ဆန်မှောင်ခိုဂိုဏ်းက သံသယရှိသူ ၃၉ ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အွန်လိုင်းလောင်းကစားလုပ်ပြီး ငွေကြေးတွေ လွှဲပြောင်း၊ ထုတ်သွင်းလုပ်နေတာကြောင့် ရွှေလီမြို့ပေါ် ဘဏ်ခွဲတွေက စာရင်းပေါင်း ၃၄၉ ခုကို စစ်ဆေးဖို့ တရုတ်အာဏာပိုင်တွေက ယာယီပိတ်သိမ်းရာမှာ မြန်မာနိုင်ငံသားပိုင် ဘဏ်စာရင်း ၁၃၂ ခု ပါဝင်သွားတာဖြစ်ပါတယ်။

တရုတ်အစိုးရက မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေ ပိတ်လိုက်တဲ့ အချိန်ကစလို့ ငွေစီးဆင်းမှု ရပ်တန့်သလောက်ဖြစ်နေတယ်လို့လည်း ဆန်းစပါး ကုန်သည်များအသင်း အထွေထွေအတွင်းရေးမှူး ဦးစိုင်းကျော်က ပြောပါတယ်။

အခုလို ဘဏ်စာရင်းတွေ အပိတ်ခံလိုက်ရတဲ့အတွက် မြန်မာကုန်သည်တွေ ကျပ်သိန်းပေါင်းသိန်းချီ ဆုံးရှုံးမှု ဖြစ်ပေါ်နေပြီး ဘဏ်စာရင်းတွေ ပြန်လည်ဖွင့်လှစ်ပေးဖို့ ဇွန် ၁၈ ရက်က ရွှေလီ ဒုမြို့တော်ဝန်၊ မြန်မာအစိုးရတာဝန်ရှိသူတွေနဲ့ ဘဏ်စာရင်း အပိတ်ခံရတဲ့ ကုန်သည်တွေ ဆွေးနွေး ညှိနှိုင်းမှုတွေ ပြုလုပ်နေပေမယ့် ထူးခြားမှု မရှိသေးဘူးလို့  သိရပါတယ်။

သတင်း- ထက်အောင် (AMIA)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013