DVB Logo
Home
မြန်မာသတင်း
သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းသည့်ကားများ သြဂုတ် ၁ ရက်နေ့ စတင်အရေးယူမည်
DVB
·
June 21, 2017
Donate to DVB

သတ်မှတ်အမြန်နှုန်းထက် ပိုမောင်းတဲ့ မော်တော်ယာဉ်တွေကို လာမယ့် သြဂုတ် ၁ ရက်နေ့ကစပြီး ထိထိရောက်ရောက် အရေးယူတော့မယ်လို့ ယာဉ်ထိန်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဒုသမ္မတ ၂ ဦးဆောင်တဲ့ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက ခါးပတ်စီမံချက်အပြီး ဒုတိယအဆင့်အနေနဲ့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။

အမှတ် ၂၅ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူး ဒုတိယရဲမှူး ဝင်းလွင်က“ဒါတွေက လူ့အသက်ကို အန္တရာယ်ပြုတဲ့ အချက်တွေကို တခုချင်း ဖိဖိစီးစီးလုပ်နေတဲ့ သဘောပါ။ Safty Belt (လုံခြုံရေးခါးပတ်) ကိစ္စလည်း အောင်မြင်ခဲ့တယ် ပြောရမှာပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ပညာပေးကာလကို ဇွန်လ ၉ ရက်နေ့ကနေ ဇူလိုင် ၃၁ ရက်အထိ သတ်မှတ်ထားပြီး သြဂုတ် ၁ ရက်နေ့ကစလို့ တနိုင်ငံလုံးမှာ အရေးယူတာတွေ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

သတ်မှတ်ထားတဲ့ အမြန်နှုန်းတွေကတော့ မြို့နယ်နိမိတ်ထဲမှာ တနာရီကို ၄၈ ကီလိုမီတာ၊ မြို့နယ်နိမိတ်အပြင်မှာ တနာရီကို ၈၀ ကီလိုမီတာ၊ နောက်တွဲပါတဲ့ ယာဉ်တွေကတော့ မြို့နယ်နိမိတ်ထဲမှာ တနာရီကို ၃၂ ကီလိုမီတာ၊ မြို့နယ်နိမိတ်အပြင်မှာ တနာရီကို ၅၆ ကီလိုမီတာ၊ မြို့နယ်နိမိတ်ထဲက နှစ်လမ်းမောင်းရဲ့ တဘက်တချက်မှာ ယာဉ်ကြောသုံးခုစီရှိရင် ဘယ်ဘက်အစွန်းယာဉ်ကြောမှာ တနာရီကို ၆၄ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

အမြန်လမ်းမကြီးတွေမှာတော့ Telematic စနစ်တပ်ထားတဲ့ ခရီးသည်ယာဉ်တွေက တနာရီကို ၉၀ ကီလိုမီတာ၊ ၃ တန်အောက်နဲ့ ၃ တန်နဲ့အထက် ကုန်တင်ယာဉ် ဝန်ပေါ့လေးတွေက တနာရီကို ၆၀ ကီလိုမီတာ၊ ဆလွန်း၊ စတေရှင်ဝက်ဂွန်နဲ့ Double Cub စတဲ့ လူစီးယာဉ်တွေကတော့ တနာရီကို ၁၀၀ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

ဒုတိယရဲမှူးဝင်းလွင်က “သတ်မှတ်နှုန်းထက် ပိုမောင်းရင်တော့ ထောင်ဒဏ် ၁ လ ဒါမှမဟုတ် ဒဏ်ငွေ ၅ သောင်း ဒါမှမဟုတ် နှစ်ခုလုံး ကျခံရမှာ ဖြစ်ပါတယ်။ တနှစ်အတွင်းမှာ ဒီပြစ်မှုကို နောက်တကြိမ် ကျူးလွန်ရင်တော့ ထောင်ဒဏ် ၃ လ ဒါမှမဟုတ် ဒဏ်ငွေ ၁ သိန်း ဒါမှမဟုတ် နှစ်ခုလုံး ကျခံရမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

၂၀၁၅ ခုနှစ်က တနိုင်ငံလုံးမှာ ယာဉ်မတော်တဆမှုကြောင့် လူပေါင်း ၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။

ယာဉ်ကြောင့်ဖြစ်တဲ့ အသက်သေဆုံးနှုန်းကို လျှော့ချနိုင်ဖို့ အမျိုးသား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးကောင်စီက ရည်မှန်းထားပြီး လိုက်နာရမယ့် အချက် ၇ ချက်မှာ အသက်ကယ်ခါးပတ် ပတ်ဖို့က ပထမဆုံးအဆင့် ဖြစ်ပါတယ်။

Photo - Yangon Traffic Police

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013