DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် သိမ်းဆည်းခံမြေယာပြန်ပေးရေး တောင်သူများ တောင်းဆို
DVB
·
June 20, 2017
Donate to DVB

မြိတ်မြို့မှာ မွေးမြူရေးဇုန် အကြောင်းပြ သိမ်းဆည်းထားတဲ့ မြေယာတွေကို ပြန်လည်ပေးအပ်ဖို့  တောင်သူတွေက တောင်းဆိုခဲ့ကြပါတယ်။ မြိတ်မြို့ မြိတ်တောင်နယ်မြေ အောင်မင်္ဂလာခန်းမမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုခဲ့ကြတာပါ။

သတင်းစာရှင်းလင်းပွဲလုပ်တဲ့ တောင်သူ ဦးတိုးတက်နိုင်က “၂၀၀၂-၂၀၀၃ မှာ မွေးမြူဇုန်လုပ်မယ်ဆိုပြီး ကျနော်တို့မြေတွေကို သိမ်းခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိဘဲနဲ့ အခုမှ ကျနော်တို့ မူလပိုင်ရှင်တွေ ပြန်တောင်းတော့မှ လုပ်ငန်းရှင်တွေက ခြံတွေကို ဝင်ရှင်း၊ တောခုတ်တာတွေ လုပ်ပြလာပါတယ်။ ဒါတွေကို ဌာနဆိုင်ရာတွေကနေ သေချာစိစစ်ပြီး ကျနော်တို့ကို ပြန်လည်ပေးအပ်ဖို့ တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။

ဒီမြေတွေကို ပြန်ရအောင် စိစစ်ဆောင်ရွက်ပေးရမယ့်သူက တိုင်းထွေအုပ်အတွင်းရေးမှူး ဦးကောင်းဇံဦးနဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်တို့ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဘုတ်ချောင်းကျေးရွာမှာ လွန်ခဲ့တဲ့ ၁၄ နှစ်က တပ်မတော်အစိုးရလက်ထက်က မြေတွေ သိမ်းဆည်းပြီး လုပ်ငန်းရှင်တွေကို ပြန်လွှဲပြောင်းပေးကာ  မွေးမြူရေးဇုန်တခု အကောင်အထည်ဖော်ဖို့ ကြိုးစားခဲ့ပါတယ်။ ဇုန်အတွင်း နေရာတချို့မှာ   မွေးမြူရေးလုပ်ငန်းနဲ့ မသက်ဆိုင်တဲ့ အိမ်ဆောက်ငှားရမ်းတာ၊ အလှပြင်ဆိုင်၊ ကုန်စုံဆိုင်နဲ့ လူနေအိမ်တွေ ဆောက်လုပ်နေတဲ့အပြင် တဆင့်ခံပြန်လည်ရောင်းချတာတွေ ရှိတယ်လို့လည်း ဆိုပါတယ်။

မွေးမြူရေးဇုန်မှာ မြေသိမ်းခံတောင်သူ ၂၅ ဦးရဲ့ စုစုပေါင်း မြေယာ ၈၃ ဧက သိမ်းခံရာမှာ လျော်ကြေးလက်ခံခဲ့သူ ရှိသလို လျော်ကြေးလက်မခံသူတွေက ဘိုးဘွားပိုင်မြေယာတွေကိုသာ ပြန်ရအောင် အစိုးရအဆက်ဆက် တင်ပြတောင်းဆိုခဲ့ကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ အခု ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးထားပြီး တိတိကျကျ စိစစ်ဆောင်ရွက်ပေးဖို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရက ခရိုင်ကို ညွှန်ကြားစာ ပို့ထားပြီးဖြစ်ကြောင်းနဲ့  ဇွန်လ ၂၈ ရက်နေ့ကနေ တလအထိ  ဆောင်ရွက်မှုကို စောင့်ဆိုင်းမည်ဖြစ်ကာ တလကျော်သွားပါက သိမ်းဆည်းခံမြေများ ပြန်လည်ရရှိဖို့ ဆန္ဒပြ တောင်းဆိုသွားမယ်လို့ တောင်သူတွေက ပြောပါတယ်။  

သတင်း - မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013