အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ လုပ်ကိုင်ပြီး တရားမဝင် ငွေလွှဲတာတွေ ရှိနေတာကြောင့် တရုတ်နိုင်ငံ ရွှေလီမြို့ပေါ်ရှိ ဘဏ်ခွဲတွေက ဘဏ်စာရင်းတွေကို စစ်ဆေးဖို့ ခေတ္တပိတ်ထားခဲ့တာလို့ ရွှေလီဒုမြို့တော်ဝန်က ပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က ပိတ်ခံလိုက်ရတဲ့ မြန်မာကုန်သည်တွေရဲ့ တရုတ်ဘဏ်စာရင်းတွေနဲ့ ပတ်သက်လို့ နှစ်နိုင်ငံတာဝန်ရှိသူတွေ ညှိနှိုင်းဆောင်ရွက်နေတာနဲ့ ပတ်သက်ပြီး ရွှေလီမြို့၊ ပြည်သူ့အစိုးရ ဒုမြို့တော်ဝန်ရဲ့ ပြောဆိုချက်ကို ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြထားတာပါ။
တရုတ်နိုင်ငံ၊ လွေမုန်ကူးပြည်နယ်၊ အန်ဝေပြည်နယ်နဲ့ အင်းနားမွန်ဂိုးလီယားတို့မှာ အွန်လိုင်းလောင်းကစားလုပ်ပြီး ငွေကြေးတွေ လွှဲပြောင်း၊ ထုတ်သွင်းလုပ်နေတာကြောင့် ရွှေလီမြို့ပေါ် ဘဏ်ခွဲတွေက စာရင်းပေါင်း ၃၄၉ ခုကို စစ်ဆေးဖို့ ယာယီပိတ်သိမ်းရာမှာ မြန်မာနိုင်ငံသားပိုင် ဘဏ်စာရင်း ၁၃၂ ခု ပါဝင်သွားတာလို့ ရွှေလီ ဒုတိယမြို့တော်ဝန်က ပြောပါတယ်။
အွန်လိုင်း လောင်းကစားမှုတွေကို တရုတ်နိုင်ငံ ရဲချုပ်ရုံးမှ တိုက်ရိုက်ကိုင်တွယ် ဖြေရှင်းနေပြီး ဆင့်ကဲဆင့်ကဲ တင်ပြဆောင်ရွက်ရတာဖြစ်လို့ အချိန်အနည်းငယ် လိုအပ်ကြောင်း၊ အမှုနဲ့မသက်ဆိုင်တဲ့ အွန်လိုင်းတွေကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မယ်လို့လည်း ပြောပါတယ်။
မြန်မာနိုင်ငံသား ဘဏ်စာရင်း ၁၃၀ ကျော် ပိတ်ခံထားရတာကတော့ အွန်လိုင်း လောင်းကစားနဲ့ တိုက်ရိုက်ဆက်စပ်ခြင်း မရှိဘူးလို့ ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။
“မြန်မာအကောင့်တွေ ပါတာက အွန်လိုင်းလောင်းကစားနဲ့ ပတ်သက်တာတော့ တိုက်ရိုက်မဟုတ်ဘူး။ ဒါပေမယ့် လောင်းကစားနဲ့ပတ်သက်တဲ့ လူတွေက ငွေအပေးအယူ လိုင်းပေါ်မှာ စိစစ်နေတာ၊ ဆောင်ရွက်နေတဲ့ အနေအထားတွေ တွေ့ရတဲ့ အတွက်ကြောင့်မို့လို့ဆိုပြီး သူတို့က ရှင်းပြတယ်။ လောင်းကစားသူတွေနဲ့ အဆက် အသွယ်ရှိနေတဲ့ ငွေအကောင့် ချိတ်ဆက်ထားတဲ့ အပေးအယူရှိနေတဲ့ အကောင့်တွေကို ဆက်စပ်ပြီးလုပ်တာ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ အသေးစိတ်ပြန်ပြီးတော့ အဖွဲ့နဲ့ စိစစ်ပေးပါမယ်ဆိုပြီး သူတို့ ပြောပါတယ်။”
တရုတ်နိုင်ငံထဲမှာ အွန်လိုင်းလောင်းကစားကြောင့် ပိတ်ခံရတဲ့ ဘဏ်စာရင်းပေါင်း ၅၀၀၀ ကျော်ရှိတယ်လို့လည်း ပြောပါတယ်။
ဒီလို ပိတ်သိမ်းတာကို ယူနန်အစိုးရတောင် မသိလိုက်ဘဲ ရဲချုပ်ရုံးက တိုက်ရိုက်ကိုင်တွယ်နေတာလို့ တရုတ်သံရုံးရဲ့ ယာယီတာဝန်ခံက မြန်မာဘက်ကို အကြောင်းပြန်ထားပါတယ်။
အခုလို မြန်မာကုန်သည်တွေရဲ့ ဘဏ်စာရင်းတွေ ပိတ်ထားတာကြောင့် နယ်စပ်ကုန်သွယ်ရေးအတွက် အခက်အခဲ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ် ဒုဥက္ကဋ္ဌက ပြောပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်လို့ ရွှေလီဒုမြို့တော်ဝန်ကို တာဝန်ပေးထားပြီး ဆောင်ရွက်နေသလို ဒါဟာ နှစ်နိုင်ငံ တရားဝင် နယ်စပ်ကုန်သွယ်ရေး လုပ်ကိုင်သူတွေရဲ့ ရေရှည်အကျိုးစီးပွားနဲ့ တရုတ်-မြန်မာ ပုံမှန်နယ်စပ်ကုန်သွယ်ရေးကို ကာကွယ်စောင့်ရှောက်ဖို့ ဖြစ်တယ်လို့လည်း တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ- တရုတ်သံရုံး











