ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ စောမဲကြည်ကျွန်းအရှေ့ဘက် မိုင် ၂၀ လောက်အကွာမှာ ဇွန်လ ၁၉ ရက်နေ့ မနက်က ငါးဖမ်းလှေတစီး နစ်မြုပ်ပြီး ၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
စက်လှေဟာ ပင်လယ်ပြင်မှာ ငါးဖမ်းနေစဉ် လှေဝမ်းဗိုက်ကို လှိုင်းရိုက်လို့ ပျဉ်ချပ်ကွာကာ ရေဝင်နစ်မြုပ်ခဲ့တာလို့ ကျောက်ဖြူရဲစခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။
လှေနစ်မြုပ်မှုကြောင့် အသက် ၃၇ နှစ်အရွယ် ကိုဆန်းနိုင်ဦး သေဆုံးခဲ့ပြီး ရေထဲမျောနေသူ ၅ ဦးကိုတော့ ထူးထက်အောင် ငါးဖမ်းလှေက ကယ်ဆယ်နိုင်ခဲ့ပါတယ်။ သူတို့ဟာ ၂ ရက်ကြာ ပင်လယ်ထဲ မျောပါနေကြတာလို့ ဆိုပါတယ်။
အသက်ရှင်ကျန်သူ ၅ ဦးမှာ ကိုသားသား၊ ကိုသန်းလှိုင်ရွှေ၊ ကိုမောင်မောင်ဌေး၊ ကိုညီစိုက် နဲ့ ကိုကျော်တို့ဖြစ်ပြီး ဆေးကုသမှုခံယူဖို့ ကျောက်ဖြူမြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။ သေဆုံးသူကိုတော့ ရင်ခွဲစစ်ဆေးနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
သတင်း - ထွန်းထွန်းနိုင်











