DVB Logo
Home
မြန်မာသတင်း
မယ်လဒုက္ခသည်စခန်းတွင် ၂ နှစ်အတွင်း ကိုယ့်ကိုယ်ကိုယ်သတ်သေသူ ၂၈ ဦးရှိ
DVB
·
June 20, 2017
Donate to DVB

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ရှိ မြန်မာနိုင်ငံက ဒုက္ခသည်တွေ  ခိုလှုံနေထိုင်ကြတဲ့ မယ်လ ဒုက္ခသည်စခန်းမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတွေ တရှိန်ထိုးမြင့်တက်လာနေတယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (အိုင်အိုအမ်)က သတိပေးထုတ်ပြန်လိုက်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ဒုက္ခသည်နေ့ အထိမ်းအမှတ် အစီရင်ခံစာ ထုတ်ပြန်သတိပေးလိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ နှစ်အတွင်း မယ်လဒုက္ခသည်စခန်းမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသူ ၂၈ ဦးနဲ့ သေကြောင်းကြံစည်သူ ၆၆ ဦးရှိခဲ့ပြီး ဒါဟာ ကမ္ဘာမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ နှုန်းထက် ၃ ဆကျော်ရှိနေတယ်လို့ ဆိုပါတယ်။

မယ်လဒုက္ခသည်ကော်မတီဥက္ကဋ္ဌ ဆရာအောနက်ကတော့ ၂၀၁၆ ခုနှစ်အတွင်း မိမိကိုယ်ကို သေကြောင်းကြံစည်မှု ၅၄ မှု ရှိခဲ့ပြီး အများစုက လူငယ်တွေဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“မိမိကိုယ်ကို သေကြောင်းကြံစည်မှုအများစုဟာ မိသားစုအခက်အခဲကြောင့်ဖြစ်တယ်။ လူငယ်တွေကြည့်မယ်ဆိုရင်လည်း မူးယစ်ဆေး အလွန်အကျွန်သုံးစွဲပြီး မိမိကိုယ်ကို အဆုံးစီရင်မှုတွေ များတယ်။ မိသားစု အခက်အခဲဆိုတဲ့နေရာမှာ ရန်ဖြစ်တာတွေလည်းပါတယ်။ ပြီးတော့ မိသားစုဝင်ငွေ အဆင်မပြေမှုတွေကြောင့် အချင်းများရာကနေ မိမိကိုယ်ကို သေကြောင်းကြံစည်ကြတာများတယ်။ လူငယ်တွေကိုကြည့်မယ်ဆိုရင်တော့ အများစုက မူယစ်ဆေးဝါးကြောင့်ဖြစ်တယ်။ ”

အခု ၂၀၁၇ ခုနှစ်အတွင်းမှာလည်း မိမိကိုယ်ကို သေကြောင်းကြံစည်မှု ၄ မှု ရှိခဲ့ပြီး ၂ မှုမှာ သေဆုံးသွားကြောင်းနဲ့ သေဆုံးသူ ၂ ဦးမှာ ဇန်ဝါရီလနဲ့ ဖေဖော်ဝါရီလအတွင်းဖြစ်ခဲ့တာလို့ ဆိုပါတယ်။

မိမိကိုယ်ကို သေကြောင်းကြံစည်မှုမှာ အသက်အရွယ်အားဖြင့် အသက် ၁၆ နှစ်ကနေ ၇၀ ကြားဖြစ်ပြီ အများစုကတော့ ၁၆ နှစ်ကနေ ၂၅ နှစ်ကြား လူငယ်တွေဖြစ်တယ်လို့လည်း ဆရာအောနက်က ပြောပါတယ်။

သေကြောင်းကြံလို့ မသေဘဲ ကျန်နေသူတွေကို အရေးယူဆောင်ရွက်တာမရှိပေမယ့် ဒုက္ခသည်ကော်မတီနဲ့ နိုင်ငံတကာအဖွဲ့အစည်းက မိသားစုတွေအတွင်း သွားရောက်ပညာပေး တာတွေ ရှိခဲ့ပါတယ်။

“သေကြောင်း ကြံစည်မှုတွေကို အရေးယူမှုတွေတော့ မရှိဘူး။  မိသားစုတွေကို သွားရောက်ပညာပေးတာတွေတော့ သွားလုပ်တယ်။ အခုဆိုရင် IRC ကနေပြီး အဲလိုအဖွဲ့တွေဖွဲ့ပြီး ပညာပေးတာတွေ လုပ်ဆောင်တာတွေရှိသလို ၂၀၁၆ ခုတွင်းမှာ  KRC နဲ့ ဒုက္ခသည်စခန်းက ကျန်းမာရေးဌာနတွေကလည်း လူထုပညာပေးတာတွေ လုပ်ဆောင်မှုတွေရှိခဲ့ပါတယ်။ ”

မယ်လစခန်းမှာ ၂၀၁၅ ခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုကြောင့် သေဆုံးသူ ၁၃ ဦးရှိခဲ့ပြီး သေကြောင်းကြံစည်ပေမယ့် အသက်မသေသူနဲ့ စခန်းတာဝန်ရှိသူတွေထံ စာရင်းမရောက်တဲ့ သေကြောင်းကြံစည်မှုတွေလည်း ရှိနေကြောင်း ဆိုပါတယ်။

ဒုက္ခသည်တွေရင်ဆိုင်နေရတဲ့ စိတ်သောကတွေကို ဖြေဖျောက်ပေးနိုင်ဖို့ အမြန်အဆုံး အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်ကြဖို့ အိုင်အိုအမ်အဖွဲ့က တိုက်တွန်းထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ကန်ချနပူရီ၊ ရာ့ခ်ျပူရီနဲ့ မယ်ဟောင်ဆောင်ခရိုင်မှာ ဒုက္ခသည်စခန်း စုစုပေါင်း ၉ ခုရှိပြီး တာ့ခရိုင်မှာရှိတဲ့ မယ်လဒုက္ခသည်စခန်းဟာ အကြီးဆုံးဖြစ်ပါတယ်။

မယ်လဒုက္ခသည်စခန်းဟာ ၁၉၈၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းတွေထဲက အကြီးဆုံးစခန်းဖြစ်ပြီး လူဦးရေ ၅ သောင်းလောက် နေထိုင်နေပါတယ်။

ဓာတ်ပုံ- TBC

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013