ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်မှာ ပယောဂကုရာကနေ ကလေးငယ် ၃ဦး သေဆုံးခဲ့ရတဲ့အတွက် ပယောဂဆရာ ထွန်းနိုင်ကို သန်လျင်မြို့နယ်တောင်ပိုင်း ခရိုင်တရားရုံးက လည်ပင်းကြိုးကွင်းစွပ်သတ်ဖို့ ဒီနေ့ အမိန့်ချမှတ်လိုက်ပါတယ်။
တရားခံ ထွန်းနိုင်ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂(၁)(ခ)အရ လည်ပင်းကြိုးကွင်းစွပ် သတ်စေဖို့နဲ့ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၅ အရ ထောင်ဒဏ် ၇ နှစ် သီးခြားကျခံစေဖို့ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
တရားခံ ထွန်းနိုင်အနေနဲ့ အမိန့်ချပြီး ၇ ရက်အတွင်း နိုင်ငံတော်သမ္မတထံ အယူခံတင်သွင်းရမှာဖြစ်ပါတယ်။
တွံတေးမြို့နယ် တွံတေးဝကျေးရွာအုပ်စု မိုင် ၂၀ တောကွင်းမှာ နေထိုင်တဲ့ ကလေးငယ်တွေ သရဲဝင်ပူးတယ်ဆိုပြီး ပယောဂဆရာက ရိုက်နှက်ကုပေးရာမှာ မောင်နေလင်း (၄ နှစ်)၊ မလှနှင်းရွှေ (၁ နှစ်ခွဲ)၊ မယမင်း (၈ လ)တို့ ၃ ဦး သေဆုံးသွားခဲ့ရတာပါ။
ကလေးငယ် ၃ ဦး သေဆုံးခဲ့တဲ့အတွက် ၂၀၁၆ အောက်တိုဘာ ၂၀ ရက်မှာ ပယောဂဆရာ ထွန်းနိုင်ကို ဖမ်းဆီးခဲ့ပြီး ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၂၀၁/၃၂၃ နဲ့ အမှုဖွင့် ကာ တွံတေးစခန်းမှူး ဒုရဲမှူးကျော်နိုင်စိုးက တရားလိုအဖြစ် တရားစွဲတင်ခဲ့တာ ဖြစ်ပါတယ်။











