DVB Logo
Home
Lead Story
ပုဒ်မ ၆၆ (ဃ) … သို့မဟုတ် နျူကလီးယားပုဒ်မ
DVB
·
June 20, 2017
ပုဒ်မ ၆၆ (ဃ) … သို့မဟုတ် နျူကလီးယားပုဒ်မ
Donate to DVB

ဒီကနေ့ မြန်မာနိုင်ငံမှာ အထင်ရှားဆုံးနဲ့ အကျယ်လောင်ဆုံး၊ လူပြောအများဆုံး ပုဒ်မကတော့ ဆက်သွယ်ရေးဥပဒေပုဒ်မတခုဖြစ်တဲ့ ပုဒ်မ ၆၆(ဃ) ဖြစ်ပါတယ်။ ပုဒ်မ ၆၆(ဃ) နဲ့ တရားရုံးတင်စွဲဆို အမှုဖွင့်ခံထားရတဲ့ အမှုပေါင်း ၄ဝ ကျော်ရှိနေပြီး အမိန့်ချပြီးသူ ၁၀ ယောက်နဲ့ လတ်တလော ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၀ ယောက်ကျော် ရှိပါတယ်။ အဲဒီပုဒ်မနဲ့ တရားစွဲခံရတဲ့ အမှုတွေထဲမှာ အမှန်တကယ် အပြစ်ကျူးလွန်သူတွေ ပါသလို ဥပဒေရဲ့ ရည်ရွယ်ချက်က တခြား၊ လိုသလိုသုံးတာ တခြားဖြစ်ပြီး တရားမစွဲသင့်သူတွေ ပါနေပေမယ့် တကယ်ပြစ်မှုကျူးလွန်သူ အမြောက်အမြားကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိတာတွေလည်း ရှိနေပါတယ်။

အဲဒီပုဒ်မပေါ်လာတဲ့ လာရာလမ်းနဲ့ သမိုင်းကြောင်းကို ပြန်ကြည့်လိုက်ရင် အရင် စစ်အစိုးရလက်ထက်မှာ အီလက်ထရောနစ်ဥပဒေက မြစ်ဖျားခံလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ခေတ်ကာလ အခြေအနေအရ တယ်လီဖုန်းနဲ့ အင်တာနက် အသုံးပြုမှုတွေကို ထိန်းချုပ်ထားတာတွေ လျှော့ပေါ့လာရတာရယ်၊ မီဒီယာ လွတ်လပ်ခွင့်တွေ ကန့်သတ်ချုပ်နှောင်ထားတာတွေ ဖြေလျှော့လာရတဲ့အခါ မီဒီယာနဲ့ ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး အစိုးရကို တိုက်ခိုက်ဝေဖန်မှု၊ လူပုဂ္ဂိုလ်တွေအပေါ် အသရေဖျက်မှု၊ အမုန်းစကား လှုံ့ဆော်မှုတွေနဲ့ ပတ်သက်လို့ တခြား ရှိပြီးသားဥပဒေတွေဖြစ်တဲ့ အသရေဖျက်မှုပုဒ်မ ၅၀၀၊ ၅၀၅(ခ) ပြည့်ပြည့်စုံစုံ အကာကွယ်မပေးနိုင်ဘူး၊ မလုံလောက်ဘူးလို့ ယူဆပုံရတဲ့အတွက် ၂၀၁၃ ခုနှစ် ဆက်သွယ်ရေးဥပဒေမှာ ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီပုဒ်မကို ရေးဆွဲခိုင်းသူတွေရဲ့ ဘယ်လိုအသုံးချမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စေတနာမှန်၊ မမှန် ဆိုတာကတော့ ကာယကံရှင်တွေသာ သိနိုင်မှာပါ။

ဒီဆောင်းပါးမှာတော့ ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) နဲ့ ပတ်သက်လို့ စာရေးသူ ဆင်ခြင်မိတဲ့ အချက် ၂ ချက်ကို ရေးသားပြချင်ပါတယ်။ အဲဒီအချက်တွေ မရေးခင်မှာ စာဖတ်သူတွေကို သိသင့်သိထိုက်တဲ့ ဗဟုသုတအလို့ငှာ အောက်ပါဥပဒေမှာပါတဲ့ ပြဋ္ဌာန်းချက်ကို မျှဝေချင်ပါတယ်။

ဆက်သွယ်ရေးဥပဒေရဲ့ ပြစ်မှုနှင့် ပြစ်ဒဏ်များ အခန်းမှာ …

၆၆။ မည်သူမဆို အောက်ပါပြုလုပ်မှု တရပ်ရပ်ကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။

(က) ဆက်သွယ်ရေးကွန်ရက်အတွင်းသို့ ယင်း၏ပိုင်ရှင် သို့မဟုတ် စီမံခန့်ခွဲခွင့်ရှိသူ၏ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်နှောင့်ယှက်ခြင်း၊ စံချိန်စံညွှန်း သတ်မှတ်ချက်ကိုဖြစ်စေ၊ မူလအနေအထားကို ဖြစ်စေ ပြောင်းလဲခြင်း သို့မဟုတ် ဖျက်ဆီးခြင်း၊

(ခ) ဆက်သွယ်ရေးကွန်ရက်ကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်၍ ဗိုင်းရပ်စ် သို့မဟုတ်  အခြားနည်းလမ်းတခုခုဖြင့် ဝင်ရောက်စေခြင်း၊

(ဂ) ဆက်သွယ်ရေးကွန်ရက်တခုခုကို အသုံးပြု၍ ငွေကြေးနှင့် ပစ္စည်းတရပ်ရပ်ကို ခိုးယူခြင်း၊ လိမ်လည်ခြင်း၊ အလွဲသုံးစားပြုခြင်း သို့မဟုတ် အကျိုးပျက်စီးစေခြင်း၊

(ဃ) ဆက်သွယ်ရေးကွန်ရက်တခုခုကို အသုံးပြု၍ ပုဂ္ဂိုလ်တဦးဦးအား ခြောက်လှန့်တောင်းယူခြင်း၊ အနိုင်အထက်ပြုခြင်း၊ မတရားတားဆီးကန့်ကွက်ခြင်း၊ အသရေဖျက်ခြင်း၊ နှောင့်ယှက်ခြင်း၊ မလျော်သြဇာသုံးခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်း။ … လို့ ပြဋ္ဌာန်းထားပါတယ်။

ဆက်သွယ်ရေးဥပဒေနဲ့ပတ်သက်လို့ ဆင်ခြင်မိတဲ့ အချက် ၂ ချက်ထဲက ပထမအချက်ကတော့  အဲဒီဥပဒေကို တရားသဖြင့် စိုးမိုးမှုရှိအောင် ဆောင်ရွက်ရမယ့် မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်း၊ သီးခြားအဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ နည်းဥပဒေ မရှိခြင်းပါပဲ။ နည်းဥပဒေမရှိတဲ့၊ မလုံလောက်တဲ့ ဘယ်လိုဥပဒေမျိုးမဆို သမာသမတ်မရှိတဲ့၊ သီလကျိုးပြတ်နေတဲ့ အုပ်ချုပ်သူတွေလက်ထဲ ရောက်တာနဲ့ လူအများကို ဖိနှိပ်ရေးဥပဒေ ဖြစ်သွားတတ်ပါတယ်။

ဥပဒေဆိုတာ ဓား၊ လှံ၊ လက်နက်၊ သေနတ်၊ အမြောက်၊ နျူကလီးယားစွမ်းအင်များနဲ့ တူပါတယ်။ အဲဒီလက်နက်စွမ်းအင်တွေကို ဘယ်လိုပုံစံနဲ့ လူတွေကို အကျိုးပြု ကာကွယ်စောင့်ရှောက်ရမယ်၊ ဘယ်လိုအသုံးပြုရမယ်ဆိုတဲ့ နည်းလမ်းစည်းကမ်း လုပ်ထုံးလုပ်နည်းတွေ သတ်မှတ်ပေးမထားဘူးဆိုရင် မသမာသူတွေလက်ထဲ ရောက်တာနဲ့ မကောင်းတဲ့ဘက်မှာ အသုံးချကြလို့ အနိဋ္ဌာရုံတွေ ဖြစ်ပွားလာတော့တာပါပဲ။ ဒါကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မတွေသာမက ဘယ်ဥပဒေမဆို မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်း နည်းဥပဒေတွေ  အလျင်အမြန် ဖြည့်စွက်ပြဋ္ဌာန်းပေးဖို့ လိုပါတယ်။

ဒုတိယအချက် ဆင်ခြင်မိတာကတာ့ အဲဒီဆက်သွယ်ရေးဥပဒေဟာ နိုင်ငံအတွက် လိုအပ်သလား၊ မလိုအပ်ဘူးလား၊ ပြင်ဆင်ဖြည့်စွက်စရာ လိုသလားဆိုတဲ့ ကိစ္စကို ကျွမ်းကျင်တဲ့၊ သမာသမတ်ရှိပြီး ဘက်မလိုက်တဲ့ ဥပဒေပညာရှင်တွေ၊ ဥပဒေအကြံပေးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ဆွေးနွေး အဖြေရှာရာမှာ လက်ရှိ တည်ဆဲဥပဒေတွေဖြစ်တဲ့ အသရေဖျက်မှုပုဒ်မ ၅၀၀၊ ၅၀၅(ခ) ရာဇသတ်ကြီး ဥပဒေပုဒ်မ (၄၉၉) အစရှိတဲ့ ပုဒ်မတွေကိုပါ တဆက်တည်း ပြန်လည်သုံးသပ်လေ့လာပြီး ဒီမိုကရေစီ အလေ့အထကောင်းတွေ၊ ခေတ်အခြေအနေနဲ့ ကိုက်ညီမှုရှိအောင် ပြင်ဆင်သင့်ရင် ပြင်ဆင်ကြဖို့လိုတယ် ဆိုတဲ့အကြောင်း ဖြစ်ပါတယ်။

ဒီကနေ့ နည်းပညာခေတ်၊ မီဒီယာခေတ်ကြီးထဲမှာ နည်းပညာလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်ဟာ အလွန်အရေးကြီးလှပါတယ်။ အထူးသဖြင့် လူအများရဲ့ အုပ်စိုးမှုကို အာမခံပေးနိုင်တဲ့၊ ပြည်သူအားလုံး အကျိုးစီးပွားကို ဖော်ဆောင်နိုင်တဲ့ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ တည်ဆောက်ကြမယ်ဆိုရင် စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာလွတ်လပ်ခွင့်ဟာ မှန်မှန်ကန်ကန်နဲ့ တရားမျှမျှတတနဲ့ ရှင်သန်ကြီးထွားလာဖို့ လိုပါတယ်။

ဒါပေမယ့် ဒီနေရာမှာ ဒီမိုကရေစီလွတ်လပ်ခွင့်၊ မီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာ ပြောဆိုရေးသား ထုတ်ဝေဖြန့်ချိခွင့်ဆိုတဲ့အထဲမှာ ဘာတွေပါတယ်၊ ဘာတွေမပါဘူးဆိုတာ ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ဖို့ အလွန်အရေးကြီးလှပါတယ်။ အဲဒါကို နားမလည်ရင် ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းထဲက ဟင်္သာတမြို့မှာ ဖြစ်ခဲ့သလို လွတ်လပ်ရေးရပြီဆိုပြီး လမ်းသွားလမ်းလာ ပြည်သူတွေကို မစာနာဘဲ လမ်းပေါ်တက် ဆေးရိုးလှမ်းတဲ့သူလို ရှက်စရာကောင်းအောင် အသိဉာဏ်နည်းရာ ရောက်ပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ အထွေထွေညီလာခံမှာ ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးကြေညာစာတမ်းမှာ ပါတဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ရေးသားပိုင်ခွင့် ဆိုတဲ့အထဲမှာ.....

(၁) အကြမ်းဖက်မှုကို လှုံ့ဆော်တာ (Incitement)၊

(၂) စိတ်ဝမ်းကွဲအောင် သွေးထိုးတာ (Slander)၊

(၃) ကြမ်းတမ်းဆဲဆို ရေးသား စော်ကားတာ (Obscenity)၊

(၄) တခြားသူတွေ နာမည်ပျက်အောင် လုပ်တာ (Libel)၊

(၅) ညစ်ညမ်းတဲ့ကိစ္စတွေ ပြောဆို ရေးသားတာ (Pornography)၊

(၆) ငြိမ်းချမ်းရေးကို ပျက်ပြားအောင်လုပ်တာ (Sedition)၊

(၇) တဦးချင်းရဲ့ ကိုယ်ရေးကိုယ်တာကိစ္စ (Right to privacy) စတာတွေ မပါဝင်တာ သတိပြုကြဖို့ လိုပါတယ်။

လွတ်လပ်စွာ ပြောဆိုခွင့်

လွတ်လပ်စွာ ထုတ်ဖော်ခံစား ရေးသားထုတ်ဝေပြသခွင့်ဆိုတာ သူတပါးနဲ့ မိမိ မနှစ်သက်တဲ့ အဖွဲ့အစည်းကို မဟုတ်မမှန် စော်ကားပြောဆို အပုပ်ချ ရေးသားထုတ်ဝေပြသခွင့်လိုင်စင် မဟုတ်ပါဘူး။

လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခံစား ရေးသားထုတ်ဝေ ပြသခွင့် (Freedom of speech & Freedom of expression) ဆိုတာ အထက်က အချက်တွေနဲ့ ကင်းလွတ်နေပြီး အမှန်တရားတရပ်အတွက် လူ့အဖွဲ့အစည်းကို အဆိပ်အတောက် မဖြစ်စေ၊ အန္တရာယ်မဖြစ်စေဘဲ မိမိထင်မြင်ချက်တွေကို ဘယ်သူ့ကိုမှ မကြောက်ရဘဲ ရဲဝံ့စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို ပြောတာပါပဲ။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခံစား ရေးသားထုတ်ဝေ ပြသခွင့် ဆိုတာ အများပြည်သူတွေကို မထိခိုက်စေဘဲ တာဝန်ခံမှု၊ တာဝန်ယူမှုနဲ့ မိမိလွတ်လပ်ခွင့်ကို ရယူခံစားရတဲ့ အဖိုးတန် လူ့အခွင့်အရေးတရပ် ဖြစ်ပါတယ်။

ဒီဆောင်းပါးကို နိဂုံးသတ်ရရင် ဥပဒေပုဒ်မတွေ၊ စည်းမျည်းစည်းကမ်းတွေဆိုတာ လူနဲ့ လူ့ပတ်ဝန်းကျင်ကို ကာကွယ်စောင့်ရှောက်ဖို့ ပြဋ္ဌာန်းကြရတာ ဖြစ်တယ်။ ပြဋ္ဌာန်းရာမှာလည်း အများပြည်သူက နားလည်လက်ခံဖို့၊ လိုက်နာနိုင်ဖို့ မှန်ကန်တဲ့ လုပ်ထုံးလုပ်နည်းတွေ၊ နည်းဥပဒေတွေ၊ တိကျမှန်ကန်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းဖို့ လိုပါတယ်။ နောက်အရေးကြီးတဲ့အချက်က အဲဒီလို ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ကျင့်သုံးရာမှာလည်း မိမိလိုရာဆွဲ သုံးချင်သလို မသုံးဖို့ လိုပါတယ်။ ဘက်လိုက်မှုမရှိဘဲ တရားဥပဒေစိုးမိုးအောင် အမှန်တရားကို စောင့်ရှောက်ရာမှာ ကျင့်သုံးဖို့လိုတာ အထူးသတိပြုစေချင်ပါတယ်။

၁၉၃၄ ခုနှစ်လောက်မှာ အီတလီလူမျိုး သိပ္ပံပညာရှင် အဲန်ရိကို ဖာမီ (Enrico Fermi) တွေ့ရှိခဲ့တဲ့ နျူကလီးယားစွမ်းအင်ဟာ အသုံးပြုပုံနည်းစနစ်၊ ရည်ရွယ်ချက်တွေပေါ် မူတည်ပြီး လူသားတွေနဲ့ လူ့ပတ်ဝန်းကျင်မှာ ကောင်းကျိုးရော ဆိုးကျိုး ၂ မျိုးလုံးကို ဖြစ်ပေါ်လာစေခဲ့တာ လူတိုင်းသိပြီးသားပါ။ ဂျပန်နိုင်ငံက ဟီရိုရှီးမားနဲ့ နာဂါစကီမြို့ကြီးတွေကို ခြေမွပြာချပစ်ခဲ့တဲ့ အဏုမြူဗုံးဟာ နျူကလီးယားစွမ်းအင်ကနေ ထုတ်လုပ်တာဖြစ်သလို ဒီကနေ့ လူသန်းပေါင်းများစွာရဲ့ ဘဝတွေကို အထောက်အကူပြုနေ အလင်းပေးနေတဲ့ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးတွေဟာလည်း နျူကလီးယားစွမ်းအင်ကို အသုံးပြုနေကြတာပါပဲ။

ဒါကြောင့် အဲဒီသဘောချင်းဆင်တူတဲ့ ပုဒ်မ ၆၆(ဃ) နဲ့တကွ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် တည်ဆဲဥပဒေတွေကိုလည်း ဆိုးကျိုးဘက်မှာ မသုံးမိကြစေဖို့၊ ပြည်သူနဲ့ အမှန်တရားကို စောင့်ရှောက်ဖို့၊ မှန်ကန်တဲ့ပုဒ်မတွေ၊ အများပြည်သူ လက်ခံနှစ်ခြိုက်မယ့် ဥပဒေတွေ ဖြစ်လာအောင်၊ ပြန်လည်သုံးသပ် ပြင်ဆင်သင့်တာ ပြင်ဆင်၊ ဖြည့်စွက်သင့်ရင် ဖြည့်စွက်၊ ဖျက်သိမ်းသင့်ရင် ဖျက်သိမ်းနိုင်အောင် ဝိုင်းဝန်းကြိုပမ်းကြပါလို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်။

ကိုးကား - ဦးအောင်စိုးဦး (တရားလွှတ်တော်ရှေ့နေ) ဥက္ကဋ္ဌ၊ မြန်မာမီဒီယာရှေ့နေများကွန်ရက်၊ ဦးသိန်းသန်းဦး (တရားလွှတ်တော်ရှေ့နေ)၊ ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013