DVB Logo
Home
မြန်မာသတင်း
လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံရသည့် အမျိုးသမီးများအတွက် တရားမျှတမှုရရှိရန်တောင်းဆို
DVB
·
June 20, 2017
Donate to DVB

ကချင်ဒေသ စစ်ရေးပဋိပက္ခပြန်လည်စတင်ခဲ့တဲ့ ၂၀၁၁ ခု ဇွန်လကစပြီး အခုချိန်ထိ တိုင်းရင်းသူအမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမှာ အခုချိန်ထိ တရားမျှတမှု မရရှိသေးဘူးလို့ ထွယ်ဂျဲန်ဒါနှင့်ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းနဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ထုတ်ပြန်လိုက်ပါတယ်။

ကျူးလွန်ခံရတဲ့အမှုတွေမှာ တရားရုံးကို တင်ခဲ့ပေမယ့် ပယ်ချခံရတာတွေ ရှိသလို တချို့ကျတော့လည်း တပ်မတော်ခုံရုံးမှာပဲ အမှုဖွင့်လုပ်ဆောင်တဲ့အတွက် ကာယကံရှင်ဘက်က တရားမျှတမှုမရဘူးလို့ ကချင်ငြိမ်းချမ်းရေးကွန်ရက် ညှိနှိုင်းဆောင်ရွက်ရေးမှူး ဒေါ်ခွန်ဂျာက ပြောပါတယ်။

“ပဋိပက္ခဖြစ်ပွားတဲ့ဒေသ တိုက်ပွဲဖြစ်ပွားတဲ့နေရာမှာဆိုရင် တရားမျှတမှုက ဘယ်တရားရုံးမှ စီစဉ်ဆောင်ရွက်ပေးမှု မရှိဘူး။ ကျမတို့က အကုန်လုံး မှတ်တမ်းတင်လို့ မရဘူးရှင်။ တချို့မှတ်တမ်းတင်ထားပေမယ့် ကျမတို့ အစီရင်ခံစာထဲ ထည့်လို့မရဘူးပေါ့။ ကာယကံရှင်ရဲ့ ဆန္ဒအရ အဲဒါမျိုးတွေပါ ရှိနေပါတယ်။ အဲတော့ ကျမတို့ကိုယ်တိုင် လိုက်ခဲ့တဲ့ အထင်ကရ အမှုတွေထဲမှာဆိုရင် ဆွမ်လွတ်ရွယ်ဂျာပေါ့။ သူက စစ်ပွဲစတင်ပြီး ၃ လလောက်အကြာမှာ ဖမ်းဆီးခံခဲ့ရတယ်။ အဲဒါ နေပြည်တော်အထိ လိုက်တယ်။ သို့သော် အဆင်မပြေဘူး။ ဒုတိယအထင်ကရ အမှုက အသက် ၇၃ နှစ်အရွယ် အဘွားကြီးအမှု၊ ၇၃ နှစ်အရွယ် အဘွားကြီးရဲ့ အပေါ်ကနေပြီးတော့ တပ်မတော်သားကို ရွာသားတွေကိုယ်တိုင် ဝိုင်းဖမ်းခဲ့တယ်။ အဲဒီအမှုကို နောက်တနေ့ကစပြီး ကျမကိုယ်တိုင် ပါဝင်ခဲ့တယ်။ အခုချိန်မှာ အဘွားကြီးက သေဆုံးသွားပြီ ဖြစ်တယ်။ အမှုကိုတော့ ကျမတို့ ဒီလိုဖြစ်လာနိုင်ခြေ ရှိတဲ့အတွက်ကြောင့်မို့ မျက်မြင်သက်သေရဲ့ အမြင်နဲ့ အမှုဖွင့်ခဲ့တယ်။ အခုချိန်ထိ နေပြည်တော်အထိတက်လည်း  တရားလွှတ်တော်ချုပ်ကနေပြီးတော့မှ ဘာမှထပ်ပြီးလည်း ခေါ်ခြင်းလည်း မရှိ၊ ဘာမှပူးတွဲပြီး ဆောင်ရွက်ပေးခြင်းလည်း မရှိတဲ့အတွက် ဒီတိုင်းပဲဖြစ်နေ တာပေါ့ရှင်။ ဒီအမှုမှာတော့ တပ်မတော်က တရားမျှတမှုလို့ ပြောပါတယ်။ ဒါပေမယ့် သူက ဘာအတွက်ပဲ လုပ်ပေးသလဲဆိုရင် မူးယစ်ရမ်းကားမှုရယ်၊ တပ်မတော်စည်းကမ်း ဥပဒေ ချိုးဖောက်မှုရယ်၊ သူတပါးရဲ့ ခြံကျော်မှုပေါ့။ အဲဒီ ၃ ခုနဲ့ပဲ တရားစွဲပေးတယ်။ အမှန်တကယ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုအတွက် စီရင်ပေးမှုမရှိဘူး။”

၁၀ တန်းကျောင်းသူ တဦးကို ကျူးလွန်တဲ့ တပ်သားနှစ်ဦးကိုလည်း တပ်မတော်က အရပ်ဘက်ခုံရုံးကိုလွှဲပေးတယ်လို့ ပြောဆိုခဲ့ပေမယ့် တပ်ပြေးအဖြစ် ကြေညာပေးခဲ့တဲ့အတွက် ဖမ်းဆီးလို့မရတဲ့ အနေအထား ဖြစ်နေတယ်လို့လည်း ဒေါ်ခွန်ဂျာက ပြောပါတယ်။

ဒါ့အပြင်လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုခံစားရပြီး တရားရုံးကို မရောက်သေးတဲ့အမှု အမြောက်အမြား ရှိနေသေးကြောင်းနဲ့ ကာယံကာရှင်ရဲ့ ဆန္ဒ၊ လူမှုရေးပြဿနာတွေကြောင့် ဖော်ပြလို့မရတဲ့ အမှုတွေဟာ ကချင်ပြည်နယ်မက ရှမ်းပြည်နယ်မှာလည်း များစွာ ရှိနေသေးကြောင်းလည်း ပြောပါတယ်။

အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတဲ့  စေတနာရှင်ဆရာမ မရန်လုရာနဲ့ တန်ဘောင်ခေါင်န်နန်စင်တို့ရဲ့ အမှုတွေလည်း အခု တရားခံတွေကို ထုတ်ဖော်နိုင်မှုမရှိသေးဘဲ ရှိနေကြာင်းလည်း ဆိုပါတယ်။

လက်ရှိ တနိုင်းဒေသမှာလည်း နောက်ထပ် ဖြစ်လာနိုင်ခြေ အများကြီး ရှိနေတယ်လို့လည်း ဒေါ်ခွန်ဂျာက ပြောပါတယ်။

“အခု တနိုင်းလိုမျိုး ဒေသမျိုးဆိုရင် အချိန်မရွေး ကျူးလွန်လို့ရနေတဲ့ အနေအထား ဖြစ်နေတယ်။ အထူးသဖြင့် ဇွန်လ ၁၅ ရက်နေ့နောက်ပိုင်းမှာ ဒီလုံခြုံရာနေရာကို မရောက်နိုင်တဲ့လူ၊ ဒေသကို မထွက်ခွာနိုင်တဲ့ လူအကုန်လုံးကို ကေအိုင်အေ အကြမ်းဖက်အနေနဲ့ သတ်မှတ်တယ်လို့ ပြောတဲ့အခါမှာ နည်းမျိုးစုံနဲ့ ဖြစ်သွားနိုင်တယ်။ အချိန်ထိ ထွက်မလာနိုင်သေးတဲ့ အမျိုးသမီး၊ ကလေး၊ သက်ကြီးရွယ်အို အများကြီး ရှိနေသေးတယ်။”

ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရအနေနဲ့  ကမ္ဘာ့ကုလသမဂ္ဂမှာ အဖွဲ့ဝင်နိုင်ငံ ဖြစ်သလို   ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ နဲ့ ၁၈၂၀ အရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်သူကို အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့် လုံးဝမပေးဘဲ ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

ကချင်ဒေသ အပါအ၀င် ပဋိပက္ခဖြစ်ပွားရာ ဒေသအတွင်းရှိ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအဆုံးသတ်ရေးအတွက် ကြိုတင်ကာကွယ်ခြင်းဆိုင်ရာ လုပ်ငန်းတွေအဖြစ်  အမျိုးသမီးတွေရဲ့ လုံခြုံရေးကို တိုးမြှင့်ပေးမယ့် သီးသန့်မူဝါဒတွေနဲ့ ဥပဒေတွေချမှတ်ဖို့၊   ပဋိပက္ခဖြစ်ပွားရာ ဒေသအတွင်းရှိ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်ပွားတဲ့အခါ ကျူးလွန်သူအားလုံးကို အမြန်ဆုံး စုံစမ်းစစ်ဆေးဖော်ထုတ်ကာ တရားမျှတမှုရှိအောင် ချက်ချင်း ကိုင်တွယ်ဖြေရှင်းပေးဖို့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က တောင်းဆိုပါတယ်။

ဒါ့အပြင် အရေးပေါ်အခြေအနေတွေအတွက် အကူအညီ အကာအကွယ်ပေးနိုင်ဖို့ တယ်လီဖုန်း ဒါမှမဟုတ် လူကိုယ်တိုင် အမြန်ဆုံးဆက်သွယ် တိုင်ကြားနိုင်တဲ့ အခြေအနေကို ဖန်တီးပေးဖို့လည်း  တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013