လွန်ခဲ့တဲ့တပတ်အတွင်း ကျောင်းတွင်းပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ထိုင်းနိုင်ငံမှာ သေနတ်လိုင်စင်အသစ်တွေ ထုတ်ပေးတာကို ချက်ချင်း ရပ်ဆိုင်းထားတယ်လို့ အစိုးရက အတည်ပြုပါတယ်။
ဒါဟာ အသက် ၁၄ နှစ်အရွယ် ဆယ်ကျော်သက်တယောက် လူ ၈ ယောက်ကို ပစ်သတ်ပြီး သူ့ကိုယ်သူပါ အဆုံးစီရင်သွားတဲ့ ဖြစ်စဉ်အပြီးမှာ အခုလို အရေးယူ ဆောင်ရွက်လာတာပါ။
အလားတူ လိုင်စင်ရှိပြီးသားသူတွေ အနေနဲ့လည်း အများပြည်သူ သွားလာနေတဲ့ကြားထဲ သေနတ်ယူဆောင်လာတာ မလုပ်ဖို့ တားမြစ်ထားပါတယ်။
ဒါ့အပြင် ထိုင်းဟာ အရှေ့တောင်အာရှဒေသတွင်းမှာ အရပ်ဘက်သေနတ်ပိုင်ဆိုင်မှုနှုန်း အမြင့်ဆုံးနိုင်ငံတွေထဲက တခုဖြစ်တဲ့အလျောက် အလက်ရေ ၁၀ ဒသမ ၃ သန်းလောက် ရှိနေပြီး သေနတ်နဲ့ကျူးလွန်တဲ့ ရာဇဝတ်မှုတွေလည်း မြင့်မားလာတာကို တွေ့ရပါတယ်။
မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုကြောင့်ပဲ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်းဟာ ပိုမိုကြီးလေးတဲ့ ပြစ်ဒဏ်တွေနဲ့အတူ သေနတ်ထိန်းချုပ်ရေး ဥပဒေအသစ်တွေကို ပြဋ္ဌာန်းပေးမယ် ဆိုပြီး ကတိပြုထားပါတယ်။
ဩဂုတ် ၇ ရက်က နွန်ထပူရီခရိုင်၊ ဘန်ကလွေးမြို့ ထိပ်ဆီရင်း စာသင်ကျောင်းက ကျောင်းသားတယောက်ဟာ အဘိုးဖြစ်သူ ပိုင်ဆိုင်တဲ့ သေနတ်နဲ့ အဘိုး၊ အဘွားတို့ကို အရင်ပစ်ခတ်ခဲ့ပါတယ်။
အဲဒီနောက် ကျောင်းက ဆရာ၊ ဆရာမတွေနဲ့ ကျောင်းသားတွေကိုပါ ဆက်လက်ပစ်ခတ်ခဲ့ရာမှာ အဘိုးနဲ့အဘွား အပါအဝင် ဆရာ၊ ဆရာမ ကျောင်းဝန်ထမ်း ၅ ယောက်နဲ့ အသက် ၁၂ နှစ်အရွယ် မိန်းကလေးတယောက် သေဆုံးခဲ့ရပါတယ်။
အဲဒီကျူးလွန်သူဟာ ဆိုရှယ်မီဒီယာပေါ်ကနေ သေနတ်အသုံးပြုနည်းကို ကိုယ်တိုင်လေ့လာခဲ့တာ ဖြစ်နိုင်တယ်လို့ ဆိုတဲ့အပြင် အွန်လိုင်းပေါ်က အကြမ်းဖက်တဲ့ အကြောင်းအရာတွေကိုပါ ကြည့်ရှုခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
အခုလိုမျိုး သေနတ်ထိန်းချုပ်ရေးအပေါ် ထောက်ခံသူတွေကတော့ လိုင်စင်လျှောက်တဲ့ လုပ်ငန်းစဉ်ထဲမှာ စိတ်ကျန်းမာရေး စစ်ဆေးမှုတွေ ထည့်သွင်းပေးဖို့နဲ့ ထုတ်ပေးပြီးသား လိုင်စင်တွေကို အချိန်ကာလတခုအလိုက် ပြန်လည်စိစစ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါကြောင့် နောက်ထပ်ညွှန်ကြားချက် ထွက်မလာမချင်း သေနတ်ပိုင်ဆိုင်ခွင့် ဒါမှမဟုတ် ဝယ်ယူဖို့အတွက် လိုင်စင်အသစ် ထုတ်ပေးတော့မှာ မဟုတ်သလို ရှိနေပြီးသား လိုင်စင်တွေလည်း သက်တမ်းတိုးနိုင်မှာ မဟုတ်ပါဘူး။
ဒီကျောင်းတွင်းပစ်ခတ်မှုအပြီးမှာ ခန့်မှန်းခြေအားဖြင့် အလက်ရေ ၄ သန်းအထိ ရှိနိုင်တဲ့ လိုင်စင်မဲ့သေနတ်တွေကို ပိုင်ရှင်တွေကိုယ်တိုင် ပြန်လည်အပ်နှံလာအောင် စည်းရုံးနိုင်မဲ့ နည်းလမ်းတွေပါ အစိုးရအဖွဲ့က စဉ်းစားနေတယ်လို့ ဖော်ပြထားပါတယ်။











