DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ရေကျသွားသဖြင့် ဈေးနှင့်ကျောင်းများ ပုံမှန်ဖွင့်လှစ်
DVB
·
June 19, 2017
Donate to DVB

ပြီးခဲ့တဲ့ရက်ပိုင်းက မိုးကြီးတာကြောင့် ဥရုချောင်း ရေလျှံပြီး လူနေအိမ်ခြေ ရပ်ကွက်တွေထဲ ရေဝင်ခဲ့တဲ့ ကချင်ပြည်နယ် ဖားကန့်မြို့ဟာ ဒီကနေ့မှာတော့ ပုံမှန်အခြေအနေ ပြန်ရောက်သွားပြီလို့ ဒေသခံတွေက ပြောပါတယ်။

အနိမ့်ဆုံး ၃ ပေကနေ အမြင့်ဆုံး ၆ ပေထိ ရေကြီးခဲ့တဲ့ ရပ်ကွက်တွေမှာ မနေ့ညနေလောက်ကစလို့ ရေတွေ တရိပ်ရိပ်ပြန်ကျသွားပြီး ဒီကနေ့မနက်မှာတော့ ပုံမှန်ပြန်ဖြစ်ကာ သန့်ရှင်းရေးလုပ်နေကြတယ်လို့  ဖားကန့်ရပ်မိရပ်ဖ  မြစိမ်းရောင်စီမံကိန်းဥက္ကဋ္ဌ ဦးနော်ဆန့်က ပြောပါတယ်။

“ပုံမှန်အတိုင်း ရောက်သွားပါပြီ၊ မနေ့ညနေ ၆ နာရီကစ ရေပြန်ကျတယ်၊ ဒီနေ့ ဈေးတွေလည်း ဖွင့်ပြီ၊ ကျောင်းလည်း ဖွင့်တယ်၊ မနေ့က ရွှေ့ပြောင်းရတဲ့လူတွေ အကုန်ပြန်လာပြီး သန့်ရှင်းရေး လုပ်နေကြတာပေါ့။ အခုတော့ မိုးက နည်းနည်း ဖွဲဖွဲပြန်ကျနေတယ်။ စိတ်ချရသလားဆိုတော့ သူက ရေဝပ်ဧရိယာမရှိတော့ မိုးရွာတာနဲ့ သူက ခဏတော့ ကြီးမှာပဲ၊ ဖားကန့်က   အေးမြသာယာ၊ မရှီကထောင်၊ မြို့မ၊ ငှက်ပျောတော၊ လုံးခင်း မင်းလမ်းအပိုင်း စတဲ့ နေရာတွေဟာ ဥရုချောင်းတလျှောက်နဲ့ အနိမ့်ပိုင်းမှာရှိတဲ့အတွက် မိုးတွင်းကာလ နှစ်တိုင်းလို ရေကြီးရေလျှံပြဿနာတွေနဲ့ ကြုံတွေ့နေရတယ်” လို့ ဦးနော်ဆန့်က ပြောပါတယ်။  

ဖားကန့်ဒေသမှာ နှစ်စဉ် ရေကြီးမှုနဲ့ ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းဖို့  ရပ်မိရပ်ဖတွေက ဥရုချောင်း ရှင်းလင်းရေးအဖွဲ့ ဖွဲ့ပြီး ဆောင်ရွက်နေတယ်လို့လည်း ဦးနော်ဆန့်က ပြောပါတယ်။

“နှစ်တိုင်း ရေလုံးဝမကြီးအောင် လုပ်လို့မရဘူးလေ၊ မိုးတွင်းတော့ ဒီလိုဖြစ်နေမှာပဲ၊ ခဏကြီးလိုက်၊ ပြန်ကျလိုက်၊ အရင်တုန်းကထက်စာရင်တော့ အကြာကြီး မကြီးတော့ဘူး၊ အရင်ကဆို အနည်းဆုံး ၃ ရက်ကနေ တပတ်ထိကြီးနေတာ၊ အခုတော့ တော်သေးတယ်။ မနှစ်က ရပ်မိရပ်ဖတွေစုပြီး ချောင်းရှင်းလင်းရေးအဖွဲ့ ဖွဲ့တယ်၊ ပြီးတော့ ကျောက်မျက်လုပ်ငန်းရှင်တွေ အသင်းကပေးတဲ့ ဘက်ဟိုးကား ၄ စီးနဲ့  ချောင်းတွေ၊ တစ်ဆို့နေတဲ့ နေရာတွေ ဖယ်ရှားတယ်၊ ကျဉ်းတဲ့နေရာတွေ ပြန်ချဲ့တယ်ဆိုတော့ ရေထွက်ပေါက် နည်းနည်းကောင်းသွားတာပေါ့။”       

အလားတူ လုံးခင်းဘက်မှာလည်း ရေကျသွားလို့ ပုံမှန်ဈေးလည်း ပြန်ဖွင့်နေပြီး ကျောင်းတွေလည်း  ဒီကနေ့ ပုံမှန်ဖွင့်တယ်လို့ လုံးခင်း ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

ဇွန်လ ၁၇ ရက်က ဖားကန့်မြို့မှာ မိုးရေချိန် ၅ လက်မကျော်အထိ မိုးရွာသွန်းခဲ့တာကြောင့် ဥရုချောင်းရေလျှံပြီး အနိမ့်ပိုင်းရပ်ကွက်တွေ ရေဝင်ရောက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုမရှိခဲ့သလို လူတွေလည်း ထိခိုက်သေဆုံးမှု မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013