DVB Logo
Home
မြန်မာသတင်း
မြိတ်မြို့တွင် သေနတ်ကိုင်ဆောင် မူးယစ်ဆေးရောင်းချနေသူများကို ဖမ်းမိ
DVB
·
June 19, 2017
Donate to DVB

မြိတ်မြို့မှာ သေနတ်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါးရောင်းချသူတွေကို ဇွန်လ ၁၈ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ ရဲက ပြောပါတယ်။

မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့မ (၁) ရပ်ကွက်မှာ နေထိုင်သူ ကျော်ဦးရဲ့ နေအိမ်မှာ လက်နက်ကိုင်ဆောင်ပြီး မူးယစ်ဆေးဝါး ရောင်းချနေတဲ့ သတင်းအရ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေက မူးယစ်ဆေးဝါး ရောင်းချနေတဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့်ဝရမ်းအမှတ် (၄၂/၂၀၁၇)နဲ့ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ ဆိုတယ်။

အဲဒီလို ဝင်ရောက်ရှာဖွေချိန်မှာ အိမ်ရှင်ဖြစ်သူ ကျော်ဦး၊ လှမျိုးအောင် ၊ ညီညီမျိုး၊ မျိုးဇော်ဦး (ခ) ရှေလ်းခန်း တို့ကို တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ဒုရဲအုပ်ကျော်ဆန်းဦးက ပြောပါတယ်။

“မူးယစ်ဆေးဝါးတွေကို လက်နက်ကိုင်ဆောင်ပြီး ရောင်းချနေတာကို သတင်းရထားတယ်။ ကျနော်တို့ ဝင်ဖမ်းတော့ လက်ဦးမှုရသွားတော့ ပြန်လည်ခုခံမှုတွေ မရှိခဲ့ဘူး။ ကျည် ၆ တောင့်ကို သေနတ်ထဲမှာ ထည့်ထားပြီးသားပါ။ ကျန် ၆ တောင့်ကို ကျည်ကတ်ထဲမှာ ထည့်ထားပါတယ်။ ထိပ်တိုက်တွေ့ရင် ပြန်ခုခံနိုင်တဲ့ အနေအထားပါ။ ကျနော်တို့ လက်ဦးမှုရယူပြီး ဖမ်းဆီးနိုင်ခဲ့တာပါ။”

နေအိမ်ကို သက်သေတွေနဲ့အတူ ဆက်လက်ရှာဖွေရာ ကျော်ဦးရဲ့ နေအိမ်ခေါင်းရင်း ပြတင်းပေါက်တံခါးအနီးရှိ ဝါးထရံကြားမှာ WY စိတ်ကြွဆေးပြား ၁၁၀၊ ခဲပြားစ၊ ဆေးရှူကိရိယာတခုနဲ့ မြန်မာကျပ်ငွေ ၇ သောင်း သိမ်းဆည်းရမိခဲ့ပါတယ်လို့ ဆိုပါတယ်။

နေအိမ်တံခါးဝအနီး တိုင်နဲ့ထရံကြားမှာ 9MM LUGER ပစ္စတိုသေနတ် ၁ လက်၊ သေနတ်အတွင်းက ကျည် ၆ တောင့်၊ အိတ်အတွင်းမှ ကျည် ၆ တောင့်၊ သေနတ်ကျည်အိမ် ၁ ခု၊ ဆိုင်ကယ် ၂ စီး ရှာဖွေသိမ်းဆည်းရမိခဲ့ပါတယ်။

မူးယစ်ဆေးဝါးနဲ့အတူ သေနတ်ကိုင်ဆောင် အသုံးပြုနေသူ အိမ်ရှင် ကျော်ဦးကို သက်သေတွေရှေ့မှာ စစ်မေးရာ လွန်ခဲ့တဲ့ ၆ လခန့်ကမှ သိကျွမ်းခဲ့တဲ့ မြင့်အောင်က အခင်းမဖြစ်မီ ၁၀ နာရီလောက်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူ သေနတ်ကိုပါ ပေးအပ်ခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

မြင့်အောင်မှာ အရပ် ၅ ပေ ၅ လက်မခန့်၊ ခန္ဓာကိုယ် တောင့်တင်း၊ အသားလတ်ကာ မျက်နှာသွယ် အနေထားဖြစ်ပြီး ဖမ်းဆီးရမိခြင်း မရှိသေးဘူးလို့ သိရပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီး မယ(ပ)၁၀၀/၂၀၁၇၊ မူး/စိတ် ပုဒ်မ ၁၅/ ၁၉(က)/ ၂၀(က)/ ၂၂ (ခ)/၂၁ အရ အရေးယူဆောင်ရွက်ထားပြီး လွတ်မြောက်နေတဲ့ မြင့်အောင်ကို ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

သတင်း - မြတ်ထွဋ်(မြိတ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013