
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် မြစေတီကျေးရွာမှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေ ဝင်ရောက်လာပြီး ရွာသား ၇ ယောက်ခန့်ကို ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဩဂုတ် ၄ ရက်မှာ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေက မြစေတီကျေးရွာအတွင်း ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့ပြီး PDF နဲ့ ဆက်နွှယ်မှုရှိတယ် စွပ်စွဲကာ ဒေသခံတွေကို ဖမ်းဆီးသွားခဲ့တာလို့ သိရပါတယ်။
ဒေသခံတယောက်က “အဲဒီနေ့က စစ်သားတွေ ရွာထဲဝင်လာပြီး အိမ်တွေကို လိုက်စစ်တယ်။ ရွာသားတွေကိုလည်း တယောက်ချင်းစီ ခေါ်ယူစစ်ဆေးပြီး နောက်ဆုံးမှာ လူ ၇ ယောက်လောက်ကို ဖမ်းသွားတယ်။ ဘယ်ကိုခေါ်သွားတယ်ဆိုတာ မသိရသေးဘူး။ မိသားစုတွေကလည်း အခုထိ အရမ်းစိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေရဲ့ လက်ရှိအခြေအနေကို မသိရသေးသလို ဘာကြောင့် ဖမ်းဆီးခံရတယ် ဆိုတာကိုလည်း မိသားစုဝင်တွေက သေချာမသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါ့အပြင် ဖမ်းဆီးမှုတွေ ပြုလုပ်ချိန်မှာ ဒေသခံတချို့ရဲ့ ဖုန်းတွေနဲ့ ငွေကြေးတွေကိုလည်း စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေက ယူဆောင်သွားခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
လက်ရှိအချိန်ထိ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေဟာ မြစေတီကျေးရွာအတွင်း ဆက်လက်ရှိနေပြီး တပ်စွဲထားဆဲဖြစ်တယ်လို့ သိရပါတယ်။
ရွာငံမြို့နယ်အတွင်းမှာ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ဒေသခံတွေကို PDF နဲ့ ဆက်စပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခေါ်ဆောင်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့အတွက် ဒေသခံတွေအကြား စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ရွာငံမြို့ပေါ်၊ နွားဘမ်းကြီးကျေးရွာနဲ့ အင်းကုန်းကျေးရွာတွေက လူငယ် ၂၀ ခန့်ကို စစ်တပ်က ဖမ်းဆီးခဲ့ပြီး တချို့သာ ပြန်လွတ်လာသေးကာ အများစုမှာ ဖမ်းဆီးချုပ်နှောင်ခံထားရဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။










