DVB Logo
Home
မြန်မာသတင်း
ဒေါသထွက်သည်ဆိုပြီး လူငယ်၂ ဦးကို အကြောင်းမဲ့ ဓားဖြင့်ခုတ်သတ်
DVB
·
June 18, 2017
ဒေါသထွက်သည်ဆိုပြီး လူငယ်၂ ဦးကို အကြောင်းမဲ့ ဓားဖြင့်ခုတ်သတ်
Donate to DVB

မြိတ်ခရိုင် ကျွန်းစုမြို့နယ်မှာ လူငယ် ၂ ယောက်ကို လမ်းပေါ်မှာ အကြောင်းမဲ့ ဓားနဲ့ ခုတ်သတ်မှု တခုဖြစ်ပွားခဲ့ပါတယ်။

ဇွန်လ ၁၇ ရက်နေ့က လူငယ် ၂ ယောက်ဟာ ဖုန်းအားသွင်းမယ်ဆိုပြီး နေအိမ်က ထွက်သွားတာ ပြန်မလာလို့ လိုက်လံစုံစမ်းရာမှာ အသတ်ခံထားရတာကို တွေ့ရှိခဲ့ရပါတယ်။

အသတ်ခံရတဲ့ လူငယ် နှစ်ယောက်ဟာ အာကာထွန်း (၁၅) နှစ် (ဘ) ဦးဝင်းဇော်နဲ့ တူးတူး (၁၈) နှစ် (ဘ) ဦးမောင်အေးတို့ ဖြစ်ပါတယ်။

လူငယ် ၂ ယောက် အသတ်ခံရမှုနဲ့ ပတ်သက်လို့ မြို့နယ်စခန်းမှူး ဒုရဲမှူး ညွန့်ဝင်း ဦးဆောင်တဲ့ အဖွဲ့က နယ်မြေအတွင်း စုံစမ်းမှုတွေ ပြုလုပ်စဉ် တောခုတ် အလုပ်လုပ်ကိုင်နေတဲ့ ဝင်းပိုင်ဆိုသူကို မသင်္ကာလို့ စုံစမ်းရာ ကျွန်းစုမြို့နယ်၊ အမှတ် (ခ) ရပ်ကွက်၊ မေယုလမ်းရှိ ဦးဖိုးဇော်ရဲ့  နေအိမ်မှာ ရှိနေတယ်လို့ စုံစမ်းသိရှိခဲ့ရပါတယ်။

ဦးဖိုးဇော်ရဲ့ နေအိမ်ကိုဝင်ရောက် ရှာဖွေရာတော့ ဝင်းပိုင်အိပ်နေတာကို တွေ့ရှိရပြီး အရိုးအသွား ၂၈ လက်မ ရှိ ဝါးရိုးတပ် တောခုတ်ဓားကို အနားမှာ တွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ဝင်းပိုင်ကို စစ်ဆေးချက်အရ ဇွန်လ ၁၇ ရက်နေ့က ဦးရွှေဝင်း ပိုင်ဆိုင်တဲ့ ဥယျာဉ်ခြံက တောခုတ်အပြီးအပြန် လမ်းမှာ တူးတူး နဲ့ အာကာထွန်း တို့နှစ်ယောက်ကိုတွေ့ရလို့ “မင်းတို့ ဥယျာဉ်ခြံထဲမှာရှိတဲ့ ငါ့အိမ်ကိုတက်သေးလား။ ငါ့မှာ ပိုက်ဆံတွေပျောက်နေတယ်” လို့ မေးမြန်းရာ လူငယ်နှစ်ဦးက အိမ်ကိုလည်းမတက်ကြောင်း၊ ပိုက်ဆံလည်းမယူဘူးလို့ ပြောကြောင်း ပြန်လည်ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ အဲဒီအချိန် ဝင်းပိုင်က ဒေါသထွက်ပြီး လူငယ် နှစ်ယောက်ကို ဓားနဲ့ ခုတ်သတ်ပြီး အနီးက ချောက်ထဲကို ပစ်ချခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ ကျွန်းစုမြို့နယ် ရဲမှတ်တမ်းတွေအရ သိရှိရပါတယ်။

လူငယ်နှစ်ဦးမှာ ပါလာတဲ့ ဖုန်း ၃ လုံးကိုလည်း အနီးခြုံပုတ်ထဲမှာ ပစ်ချထားခဲ့ပြီး ဦးဖိုးဇော်နေအိမ်ကို ပြန်လာခဲ့တယ်လို့ သိရပါတယ်။

ကျွန်းစုမြို့နယ်ရဲစခန်းက လူသတ်မှုကျူးလွန်သူ ဝင်းပိုင် ကို ရာဇသတ် ကြီးပုဒ်မ-၃၀၂ နဲ့ အရေးယူဆောင်ရွက်ထား တယ်လို့သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013