DVB Logo
Home
Lead Story
ကလေးလုပ်သားဘဝ နေရောင်အောက်က အသက်ရှူသံများ
DVB
·
June 17, 2017
ကလေးလုပ်သားဘဝ နေရောင်အောက်က အသက်ရှူသံများ
Donate to DVB

မြို့ပြရဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေမှာ နေထိုင်ကြတဲ့ အခြေခံလူတန်းစား မိသားစုတွေရဲ့ ကလေးသူငယ်တွေအတွက် မနက်ခင်းဆိုတာ ကျောင်းသွားဖို့ ဒါမှမဟုတ် ကလေးသဘာဝ ပျော်ရွှင်ဆော့ကစားဖို့နဲ့ စတင်လေ့ရှိပါတယ်။

ဒါပေမယ့် ကလေးအလုပ်သမား တယောက်ရဲ့ မနက်ခင်းကတော့ အရွယ်ရောက်တဲ့ လူကြီးတွေလိုပဲ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်မှုတွေနဲ့ နေ့တနေ့ကို အစပြုရပါတယ်။

ကျောင်းနေရမယ့်အရွယ်မှာ စာသင်ခန်းကို ကျောခိုင်းခဲ့ရသူ ကလေး အလုပ်သမားတွေအတွက် အနာဂတ်မျှော်လင့်ချက်ကတော့ ပိုမိုအဆင်ပြေတဲ့ လုပ်ငန်းခွင်ရရှိဖို့ကိုပဲ ဆန္ဒရှိတတ်ကြပါတယ်။

လှေဆိပ်တခုမှာအလုပ်လုပ်နေတဲ့ ကလေးလုပ်သားတယောက်ကတော့ “ဖြစ်ချင်တဲ့ ဆန္ဒကတော့ အဲဒီဒိုင်ထဲမှာ ပွဲစားဖြစ်ချင်တယ်။ ပိုက်ဆံရှိလို့ကတော့ ငါးပွဲစားလုပ်မယ်။ အဲဒါ .. ရတယ်။ ပိုက်ဆံလည်းရတယ်။”  လို့ ပြောပါတယ်။

မိသားစုစားဝတ်နေရေးအတွက် တဖက်တလမ်းက အပိုဝင်ငွေရရှိအောင် အသက်အ ရွယ်နဲ့ မမျှဘဲ လုပ်ငန်းခွင်ဝင်ရောက်နေကြတဲ့ မြင်ကွင်းတွေဟာ မြန်မာနိုင်ငံရဲ့နေရာ ဒေသတိုင်း လိုလိုမှာတွေ့ရလေ့ရှိတဲ့ မရိုးနိုင်တဲ့ မြင်ကွင်းတခုပါ။

နွေအပူကို အံတုရင်း ကျယ်ပြောလှတဲ့ ယာခင်းတွေထဲမှာ မြေပဲတတင်းကို ၇၀၀ ကျပ် လောက်ရဖို့အတွက် မြေပဲနုတ်ခြွေ အငှားလိုက်နေကြတဲ့ ကလေးအလုပ်သမားတွေကို လည်း စိုက်ပျိုးရေးလုပ်ငန်းခွင်တွေမှာ မြင်တွေ့နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်အတွင်း ကလေးလုပ်သား ၁ သန်းကျော်ရှိပြီး ၆ သိန်းကျော် အန္တရာယ်ရှိလုပ်ငန်းခွင်မှာ လုပ်နေရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့  ပြီးခဲ့တဲ့ သြဂုတ်လထုတ် အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ကလေးလုပ်သားတွေထဲက ထက်ဝက်ကျော်ဟာ စိုက်ပျိုးရေး၊ သတ္တု တူးဖော်ရး၊ ကုန်ထုတ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းစတဲ့ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေထဲမှာ ၀င်ရောက် လုပ်ကိုင်နေရတာဖြစ်ပြီး ကလေးတွေအတွက် အဆိုးရွားဆုံးအလုပ်ကတော့  လက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာ ကလေး စစ်သားအဖြစ် စစ်မှုထမ်းရတာပဲဖြစ်ပါတယ်။

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေဟာ လူကြီးတွေနည်းတူတနေ့ ပျမ်းမျှအလုပ်ချိန် ၈ နာရီထက် မနည်းအလုပ်လုပ်နေကြရတာဖြစ်ပြီး ကလေးလုပ်သား အများစုဟာ တပတ်ကို ၆ ရက်၊ တပတ်ကို ၅၂ နာရီ ပျမ်းမျှအလုပ်လုပ်နေရပါတယ်။

ယောက်ျားလေးတွေက မိန်းကလေးတွေထက် အလုပ်ချိန်ပိုများတယ်လို့လည်း သိရပါတယ်။  ဒါ့အပြင် အ၇ွယ်မတိုင်ခင် အလုပ်လုပ်နေကြရတဲ့ အိမ်အကူမိန်းကလေး ငယ်တွေကို အိမ်ရှင်တွေက ညှင်းပန်းနှိပ်စက်ပြီး ကျေးကျွန်တွေ ဖွယ် ခိုင်းစေခဲ့တဲ့ အဖြစ်အပျက်တွေလည်း မြန်မာပြည်မှာရှိနေတာဖြစ်ပါတယ်။

ဒီလိုအခြေအနေတွေမှာ ကလေးအလုပ်သမားတွေကို အကာအကွယ်ပေးထားတဲ့ ဥပဒေနဲ့ ကလေးအခွင့်အရေးတွေလည်း ဆုံးရှုံးနေကြရပါတယ်။

အလုပ်သမားလယ်သမားတွေရဲ့ ဥပဒေအကျိုးဆောင် တရားလွှတ်တော် ရှေ့နေ ဦးရောဘတ်စန်းအောင်က “ လ္ဘက်ရည်ဆိုင်တွေမှာ၊ မုန့်ဟင်းခါးဆိုင်တွေမှာ ကလေးလေးတွေက မနက် ၅ နာရီကနေ မိုးချုပ်အထိ အလုပ်လုပ်နေရတယ်။ အဲလိုလုပ်နေရ တာတွေကို မြင်တွေ့နေပါရဲ့သားနဲ့ အလုပ်သမားညွန်ကြားမှု ဦးစီးဌာနက ပုဂ္ဂိုလ်တွေက ဒါကို အရေးယူမှု မပြုတဲ့အတွက် ခလေးသူငယ်အခွင့်အရေးဟာ အလွန်တရာမှ ဆုံးရှုံးနေတယ်။”လို့ ဒီဗွီဘီကို လူငယ့်အသံကို ပြောပါတယ်။

လုပ်သားအင်အား၊ ကလေးလုပ်သားနဲ့ ကျောင်းပညာရေးအပြီး လုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်းဆန်းစစ်ခြင်း စစ်တမ်းအစီရင်ခံစာကို  ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO)အကူအညီနဲ့ ထုတ်ပြန်ခဲ့ရာမှာ ကလေးလုပ်သားတွေ ထဲက ရာခိုင်နှုန်းထက်ဝက်ကျော်ဟာ စိုက်ပျိုးရေး၊ သတ္တုတူးဖော်ခြင်း၊ ကုန်ထုတ်လုပ်ငန်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်း စတဲ့ အန္တရာယ်ရှိတဲ့ လုပ်ငန်းခွင်တွေမှာ ၀င်ရောက်လုပ်ကိုင်နေရ တယ်လို့ ဖော်ပြထားပါတယ်။

ကလေးလုပ်သား အများစုဟာ တပတ်ကို ၆ ရက်၊ တပတ်ကို ၅၂ နာရီ ပျမ်းမျှအလုပ် လုပ်နေရပြီး ယောက်ျားလေးတွေက မိန်းကလေးတွေထက် အလုပ်ချိန်ပိုများတယ်လို့ လည်း အစီရင်ခံစာအရ သိရပါတယ်။

အခုလိုအခြေအနေတွေကြောင့် အစိုးရနဲ့ နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ILO) တို့ပူးပေါင်းပြီး ကလေးလုပ်သား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်းစဉ် စီမံချက်ကို ၂၀၁၄ ဇန်နဝါရီကနေ ၂၀၁၇ ဒီဇင်ဘာအထိ ၄နှစ်စီမံကိန်းအဖြစ်  ချမှတ်လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာအလုပ်သမားအဖွဲ့ချုပ် ILO ရဲ့ ပြဌာန်းချက်အမှတ် ၁၈၂ မှာပါဝင်တဲ့ အဆိုးရွား ဆုံးသော ကလေးလုပ်သားတွေကို လျော့ချတဲ့အနေနဲ့ အစိုးရက အမျိုးသားအဆင့် လုပ်ငန်းလှုပ်ရှားတဲ့ အစီအစဉ်ကို ဆွဲရမှာဖြစ်လို့ ILOက ကူညီပံ့ပိုးပေးနေတာ လည်းဖြစ်ပါတယ်။

ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ  ILO ရဲ့ အကြီးတန်း အကြံပေး အရာရှိ  စလင်းမ်ဘနိုင်ဆာက “ကလေး အလုပ်သမားဆိုတာဟာ အမျိုးသားရေးနဲ့ တကယ်ကိုသက် တိုင်တယ်ဆိုတဲ့အကြောင်းကို မီးမောင်းထိုးပြခြင်းလည်းဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ အရမ်းကို အရေးကြီးတယ်လို့ ယူဆပါတယ်။ ကလေးအလုပ်သမား လျော့ချဖို့အတွက် တိကျသေချာတဲ့ လုပ်ငန်းစဉ်တွေကို သေသေ ချာချာအကောင်အထည်ဖော်ပြီး ကလေး လုပ်သားတွေအဓိက ဖြစ်ပေါ်စေတဲ့ အကြောင်း အရာတွေကို ထည့်သွင်းစဉ်းစားပြီး လုပ်ဆောင်မယ်ဆိုရင်တော့ ဒီလုပ်ငန်းစဉ်ဟာ ထိရောက်ပြီး အဓိပ္ပါယ်ရှိသွားမှာပါ။ ”

ကလေးလုပ်သားတွေနဲ့ပတ်သတ်တဲ့ အခွင့်အရေးနဲ့ ကာကွယ်ပေးမှုတွေ အများအပြား ရှိပေမယ့် လက်တွေ့အကောင်အထည်ဖော်နိုင်မှုနဲ့   ဥပဒေအရ စစ်ဆေးပိုင်ခွင့်ရှိသလို အရေးယူ ပိုင်ခွင့်တွေ လည်းရှိပေမယ့် လက်တွေ့ ဆောင်ရွက်တဲ့အပိုင်းမှာ အားနည်းနေတယ်လို့ အလုပ်သမားရေး ကျွမ်းကျင်သူတွေက ဝေဖန်ထောက်ပြကြပါတယ်။

ကလေးလုပ်သားပပျောက်ရေးလို့ ဆိုရာမှာ မြန်မာပြည်ရဲ့ လက်ရှိ စီပွားရေး အနေအထား၊ ပညာရေးစနစ်နဲ့ အလုပ်အကိုင်အခွင့်အလမ်းစတဲ့အခြေအနေတွေအရ ကလေးလုပ်သား လျှော့ချနိုင်ဖို့ အတွက် ကနဦးလုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ရာမှာ အသက်မွေးဝမ်းကြောင်း ပညာသင်တန်းတွေ၊ ပညာရေးစနစ် မြှင့်တင်တာတွေ၊  မသင်မနေရ မူလတန်း ပညာရေးစနစ်အကောင်အထည် ဖေါ်ဆောင်တာတွေနဲ့ ကလေးလုပ်သားတွေကိုအကာအကွယ်ပေးထားတဲ့ ဥပဒေတွေ ဖေါ်ဆောင်နိုင်ဖို့ စတာတွေလည်း လိုအပ်နေပါတယ်။

အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမား အရေးကျွမ်းကျင်သူတွေနဲ့ မြို့နယ်အုပ်ချုပ်ရေးဦးစီးအရာရှိတွေ  ပူးပေါင်းကွင်းဆင်း စစ်ဆေးပြီး ကြပ်မတ်ထိန်းသိမ်းလိုက်မယ်ဆိုရင် ကလေးလုပ်သား မြပပျောက်တာ မပပျောက်တာထက် ကလေးလုပ်သားတွေရဲ့ အခွင့်အရေးကို အရင်ရရှိအောင်လုပ်ပေး နိုင်မယ်လို့ အမြင်တွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံမှာ အသက် ၅ နှစ်ကနေ ၁၇ နှစ်အတွင်း ကလေးဦးရေ ၁၂ သန်းကျော်ရှိ ကြောင်း သန်းခေါင်းစာရင်း အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ မြန်မာပြည်ရဲ့ အလုပ်ရုံအက်ဥပဒေမှာ  အသက် ၁၄ နှစ်ကနေ ၁၆ နှစ်ကို ကလေးလုပ်သားလို့ သတ်မှတ်ထားပြီး အသက် ၁၆ နှစ်ကနေ ၁၈ နှစ်ကိုတော့ လူရွယ်အလုပ်သမား လို့သတ်မှတ်ထားတယ်ပါတယ်။

လက်ရှိ အခြေအနေမှာ လုပ်ငန်းခွင်မျိုးစုံထဲ ရောက်ရှိနေတဲ့ မြန်မာပြည်အနှံ့က ကလေးသူငယ်တွေ  လုပ်ငန်းခွင်တွေထဲကနေ  ကျောင်းစာသင်ခန်းတွေထဲ အမြန် ပြန်ရောက်နိုင်ဖို့၊ ကလေးတို့ သဘာဝ ပျော်ရွှင်စွာရှင်သန်ကြီးပြင်းခွင့်ရဖို့နဲ့ တိုင်းပြည်ရဲ့ အနာဂတ် ကလေးသူငယ်တွေရဲ့ အခွင့်အရေးတွေကို မြန်မာပြည်သူပြည်သားတွေ အားလုံးက ကာကွယ်မြှင့်တင်ပေးကြဖို့ အရေးတကြီး လိုအပ်နေ ပြီဖြစ်တယ်လို့  တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013