DVB Logo
Home
မြန်မာသတင်း
ကလေးစက်မှုဇုန် လုပ်ငန်းမလုပ်သည့် မြေကွက်များအား ပြန်သိမ်းယူမည်
DVB
·
June 17, 2017
ကလေးစက်မှုဇုန် လုပ်ငန်းမလုပ်သည့် မြေကွက်များအား ပြန်သိမ်းယူမည်
Donate to DVB

ကလေးမြို့ ကလေးစက်မှုဇုန် အမှတ် ၁၈ စက်မှုဇုန်ထဲက စက်မှုလုပ်ငန်း လုပ်ကိုင်သူတွေ အတွက် သီးသန့်ချပေးထားတဲ့ မြေကွက်တွေမှာ လုပ်ငန်းမလုပ်ဘဲရှိနေတဲ့ မြေကွက်တွေကို ထိုက်သင့်တဲ့ ငွေကြေးပြန်အမ်းပြီး စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက သိမ်းယူတော့မယ်လို့ ကလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ အတွင်းရေးမှူး ဦးကျော်မိုးက ပြောပါတယ်။

“ကျနော်တို့ အရင်က မြေတွေ ချပေးထားတယ်။ စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လိုသူတွေအတွက် တစ်ကွက်ကို ၁၂ သိန်းကနေ ၆ သိန်းအထိ အသီးသီး တန်ဖိုး သတ်မှတ်ချပေးထားတာဖြစ်တယ်။ အဲဒါကို မြေ၀ယ်ထားပြီး လုပ်ငန်းလည်းမလုပ်ဘဲ အားလပ်နေတဲ့ မြေကွက်တွေ ရှိနေတယ်။ ဒါကို ကော်မတီဆီကို လာအကြောင်းကြားဖို့ လိုအပ်ပါတယ်။ ကော်မတီနဲ့ လာမတွေ့ပဲ အခြေအနေအကြောင်းမပြန်တဲ့ မြေတွေကို ခေတ်ပေါက်ဈေးတော့ မပေးဘူး။ ထိုက်သင့်တန်ကြေးတော့ ပေးအမ်းပြီး တကယ်လုပ်ကိုင်မယ့် လုပ်ငန်းလုပ်သူတွေကို ပြန်လည် ရောင်းချသွားမယ်။”

ကလေးမြို့ စက်မှုဇုန်မှာ စက်မှုဇုန်စတင်ဖော်ဆောင်စဉ်က အ၀န်းကွက် (၈၀၅) ကွက် ရှိပြီး အဲဒီ အ၀န်းကွက်တွေထဲမှာ ဒီနေ့ အကွက်ပေါင်း ၃၅၀ ကျော်ဟာ စက်မှုလုပ်ငန်း လုပ်ကိုင်ခြင်း လူနေခြင်း မရှိသေးဘဲ မြေစုဆောင်း ဈေးကစားသူတွေရှိနေပြီး မြေကွက်တွေနဲ့ ပတ်သက်တဲ့ ရောင်းဝယ်မှု ပြဿနာတွေကိုလည်း စက်မှုဇုန် စီမံကော်မတီအနေနဲ့ ဖြေရှင်းပေးနေရမှုတွေ အများအပြားရှိနေတယ်လို့ သိရပါတယ်။

စက်မှုဇုန်စတင်ချိန်က မြေကွက်ကို အရစ်ကျနဲ့ ၀ယ်ယူသူများလည်း ရှိခဲ့ပြီး မြေကွက်အကြွေးမကြေခင် ပြန်လည် ရောင်းချတာတွေလည်း ရှိနေပြီး ၀ယ်ယူသူတွေအနေနဲ့ အကြွေးကိစ္စ သိရှိခြင်း မရှိတာကြောင့်လည်း မကြာခဏ အငြင်းပွားမှုတွေ ရှိနေပါတယ်။

“မြေကွက်ကို ကော်မတီကနေ အရစ်ကျနဲ့ ၀ယ်သူတွေ အကြွေးကျန်သူတွေ ရှိပါတယ်။ ကျနော်တို့မှာ ငွေသွင်း စလစ် ရှိပါတယ်။ ဒါပေမယ့် အကြွေးမကြေခင် တခြားသူဆီ ရောင်းသွားရင်လည်း ကျနော်တို့အနေနဲ့ လက်ရှိ ပိုင်ရှင်မှာပဲ တာဝန်ရှိတယ်လို့ ဆုံးဖြတ်ထားပြီး လက်ရှိပိုင်ရှင်ကပဲ ဖြေရှင်းတာဝန်ယူပေးရမှာ ဖြစ်ပါတယ်” လို့ ဦးကျော်မိုးက ဆက်လက် ဆိုပါတယ်။

စက်မှုဇုန်မြေတွေကို စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီက လာမယ့်ဇူလိုင် ၁၅ ရက် လောက်အပြီး စက်မှုဇုန် မြေဂရန်ပြုလုပ်နိုင်အောင် ကြိုးစားမှာဖြစ်ပြီး ဂရမ်လုပ်ပြီးသည်အထိ မြေရှင်တွေက ကော်မတီကို မဆက်သွယ်ခဲ့ရင်တော့ စက်မှုစီမံ ကော်မတီက ပြန်လည်ပြီး ၁၀ သိန်း၊ ၁၂ သိန်းနဲ့ ချပေးခဲ့တဲ့ မြေကွက်တွေအတွက် မြေအအမ်းကြေး ၄၈ သိန်းနဲ့ ၈ သိန်း၊ ၆ သိန်း ဈေးနဲ့ ချပေးခဲ့တဲ့ မြေတွေကိုတော့ ၃၆ သိန်းအထိ အအမ်းငွေကြေးပေး သိမ်းဆည်းသွားမှာ ဖြစ်ပါတယ်။

“စက်မှုမြေတွေက စက်မှုမလုပ်ဘဲ မြေကစားတဲ့သူတွေ လက်ထဲရောက်ပြီး ဈေးကစားကြတယ်။ တကယ်လုပ်မယ့် သူတွေအတွက်ကျတော့ မြေဈေးက ကြီးမားနေတယ်။ အဲဒီတော့ လုပ်ငန်းရင်းနှီးမြှုပ်နှံမှုမှာ ငွေအင်အား နည်းသွားတဲ့အတွက် တွင်တွင်ကျယ်ကျယ် မလုပ်နိုင်တော့ဘူး။ ဒီအတွက် အခက်အခဲ ဖြစ်ကြရတယ်” လို့လည်း စက်မှုဇုံမှာ မြေငှားပြီး လုပ်ငန်းလုပ်နေသူ တဦးက ဆိုပါတယ်။

စက်မှုဇုန် မြေတွေမှာ ယနေ့ မြေဈေးကွက်အနေနဲ့ သိန်း ၁၀၀ ကနေ ၃၀၀ ထိ ပေါက်ဈေးရှိနေပြီး မြေငှားရမ်းလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်ပေါင်း ၆၃ ဦး ရှိတယ်လို့ သိရပါတယ်။

မင်းရဲစစ်နိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013