DVB Logo
Home
မြန်မာသတင်း
ပဲခူး​တွင် မဇ္ဈိမလှိုင်း​ စတိတ်ရှိုး​ အခမဲ့​ပြသ
DVB
·
February 16, 2012
Donate to DVB

ပဲခူး​တိုင်း​ ပဲခူး​မြို့​မှာ ဒီက​နေ့​ည နာမည်ကြီး​အဆို​တော် ခင်​မောင်တိုး​ ပါဝင်တဲ့​ မဇ္ဈိမလှိုင်း​ ​တေး​ဂီတအဖွဲ့​ စင်တင်​ဖျော်​ဖြေပွဲကို အခ​ကြေး​ငွေ မယူဘဲ ပြသမယ်လို့​ ပဲခူး​မြို့​ခံ​တွေက ​ပြောပါတယ်။

ရွှေ​မော်​ဓောဘုရား​ရဲ့​ အ​နောက်ဘက်မုခ်ကကွင်း​မှာ ကျင်း​ပမယ့်​ ဒီစတိတ်ရှိုး​ကို အဆို​တော် ခင်​မောင်တိုး​၊​ ကိုရဲလွင်၊​ ကို​နေဝင်း​၊​ ကိုသား​ထွေး​တို့​နဲ့​အတူ အမျိုး​သမီး​အဆို​တော် ​တော်​တော်များ​များ​လည်း​ သီဆို​ဖျော်​ဖြေမယ်လို့​ ​ကြေညာထား​တယ်လို့​ ဆိုပါတယ်။

ဒီပွဲအတွက် ဒဂုံဘီယာက စပွန်ဆာ​ပေး​ပြီး​ ကလျာဏမိတ္တ နာ​ရေး​ကူညီမှု အသင်း​အတွက် ရန်ပုံ​ငွေပွဲ ဖြစ်တယ်လို့​ မြို့​ခံတဦး​က ​ပြောပါတယ်။

“ပဲခူး​မှာ နာ​ရေး​ကူညီမှုအသင်း​တွေ ရှိတယ်​လေ။ သူက ကလျာဏမိတ္တ နာ​ရေး​ကူညီမှု အသင်း​အတွက် ရန်ပုံ​ငွေတီး​ပေး​တာ။ ရန်ပုံ​ငွေတီး​ပေး​တယ် ဆို​ပေမယ့်​ ဘယ်​ရွေ့​ဘယ်မျှ သတ်မှတ်ထား​တာ မရှိဘူး​။ ပြည်သူလူထုကို စည်း​ကမ်း​စနစ်ကျကျနဲ့​ ကွင်း​ကြီး​ထဲမှာ အလကား​ ဆို​ပေး​ကြမှာ တီး​ပေး​ကြမှာ။ ဒါ​ပေမယ့်​ ဘယ်လိုလုပ်မလဲဆို​တော့​ အဆို​တော်အမျိုး​သမီး​တွေက ကွင်း​ထဲကို ဝင်ပြီး​တော့​ ​ငွေဖလား​တွေနဲ့​ အလှူခံမယ်​ပေါ့​ဗျာ။ ​စေတနာရှိတဲ့​ လူလည်း​လှူ​ပေါ့​။ မရှိတဲ့​လူလည်း​ ​နေ​ပေါ့​။ ကုန်ကျစရိတ်​တွေ အကုန်လုံး​ကို ဒဂုံဘီယာက (အ​ရောင်း​မြှင့်​တင်​ရေး​ပေါ့​) အကုန်အကျခံတယ်။”

ည​နေသုံး​နာရီခန့်​မှာကိုပဲ နယ်​မြေခံ စီး​ပွား​ရေး​လုပ်ငန်း​ရှင်​တွေက လာ​ရောက် လှူဒါန်း​ငွေ သိန်း​ရှစ်ဆယ် ​ကျော်သွား​ပြီလို့​ သူက ​ပြောပါတယ်။

ဒီလို ကွင်း​ပြင်မှာ အခ​ကြေး​ငွေမယူဘဲ ကြည့်​ရတဲ့​ စင်တင်​ဖျော်​ဖြေပွဲဟာ ပဲခူး​မှာ ပထမဆုံး​အကြိမ်ဖြစ်ပြီး​ အရင်က ပွဲ​တွေတုန်း​က အခ​ကြေး​ငွေ ​ပေး​ရတာ​ကြောင့်​ ​ငွေ​ကြေး​မတတ်နိုင်သူ​တွေ အနား​မကပ်နိုင်ဖြစ်ခဲ့​တယ်လို့​ ဆိုပါတယ်။

“ပဲခူး​တိုင်း​ ပြည်ထဲ​ရေး​ သက်သာရန်ပုံ​ငွေပွဲတုန်း​က ရဲ​တွေကလည်း​ လုံခြုံ​ရေး​ အပြည့်​ယူထား​တယ်​လေ။ ပြီး​တော့​အထဲမှာ ခုံမဲ့​ ၅၀၀၀ ကျပ်​ပေါ့​ဗျာ။ ခုံနဲ့​ရှေ့​ဆုံး​တန်း​က ၂ ​သောင်း​တို့​ ၃ ​သောင်း​တို့​ ယူတဲ့​အခါကျ​တော့​ လူကုံထံနဲ့​ ပိုက်ဆံရှိတဲ့​ အသိုင်း​အဝိုင်း​လောက်ပဲ ကြည့်​ရှုနိုင်တာ။ အဆို​တော်​တွေနဲ့​ ​တွေ့​နိုင်ကြတာ။ အခုကျ​တော့​ ​တောရွာ​တွေကပါ ဆိုင်ကယ်​တွေနဲ့​ တက်လာပြီး​တော့​ လာအား​ပေး​ကြမှာ​လေ။”

စတိတ်ရှိုး​နဲ့​ ပတ်သက်လို့​ လူငယ်တဦး​က “ခင်​မောင်တိုး​ကို​တော့​ ​တော်​တော်များ​များ​က ကြိုက်ကြတာပဲ​လေ။ သမီး​လည်း​ ကြိုက်ပါတယ်။ သူ့​သီချင်း​လေး​တွေက ​အေး​အေး​လေး​တွေနဲ့​လေ။ ဟိုတ​နေ့​က Rဇာနည် ရှိုး​က​တော့​ ၁ ​သောင်း​ခွဲတို့​၊​ ၂ ​သောင်း​တို့​ကျ​တော့​ ​တော်​တော်များ​များ​က မကြည့်​နိုင်ကြဘူး​လေ။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013