DVB Logo
Home
မြန်မာသတင်း
စစ်ယူနီဖောင်းဝတ်ပြီး ပိုက်ဆံခိုးယူသူ တော်ဝင်ဆေးရုံတွင်း ၀င်ရောက်မှု စီစီတီဗွီရုပ်သံ
DVB
·
June 17, 2017
စစ်ယူနီဖောင်းဝတ်ပြီး ပိုက်ဆံခိုးယူသူ တော်ဝင်ဆေးရုံတွင်း ၀င်ရောက်မှု စီစီတီဗွီရုပ်သံ
Donate to DVB

မြိတ်မြို့ရှိ ဆေးရုံတွေမှာ စစ်ယူနီဖောင်းဝတ်ပြီး ညအချိန် ပိုက်ဆံတွေ ခိုးယူသွားတဲ့ အမျိုးသားကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့ မြိတ်မြို့မရဲစခန်းက ပြောပါတယ်။

မြိတ်ပြည်သူ့ဆေးရုံကြီး၊ ဆေးရုံဟောင်း (ကလေးကုသဆောင်နှင့် သားဖွား မီးယပ်လူနာဆောင်) မှာ ဇွန်လ ၁၅ ရက် မနက် ၂ နာရီကျော်က စစ်ယူနီဖောင်းဝတ်ဆင်ထားသူ တဦးက ကားတစီးနဲ့ ရောက်လာပြီး ဆေးကုသမှုခံနေတဲ့ ဒေါ်ဇာဇာပန်း ဆီမှ ငွေကျပ် ၁၁၆,၀၀၀ ကျပ်နဲ့ ၉၅၀၀၀ တန်လက်စွပ်တစ်ကွင်းကို ခိုးယူသွားခဲ့မှု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီလူကို ဘေးပတ်ဝန်းကျင်အခန်းများရှိ လူနာစောင့်တွေကလည်း သတိထားမိခဲ့ပြီး စစ်ဝတ်စုံနဲ့ ထွက်သွားတာကို တွေ့မြင်ရကြောင်း ပြောဆိုခဲ့ပါတယ်။

မြိတ်မြို့မရဲစခန်းက စခန်းမှူးမြင့်လွင်က “ကျနော်တို့က သူ့ကိုဖမ်းဆီးရမိခြင်း မရှိ သေးပါဘူး။ ကားဒါရိုက်ဘာကို စစ်ဆေးကြည့်တော့ ထားဝယ်မြို့နား စစ်တပ်တခုမှာ ဆင်းကျန်ခဲ့တယ်လို့ ပြောပါတယ်။ သူက စစ်တပ်ကလား အတုအယောင်လားဆိုတာ မသိသေးပါဘူး။ တရားခံကိုလည်း ဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။ ကြယ်ပျံဟိုတယ်မှာ တည်းခိုသွားတယ်ဆိုလို့ သွားရောက်စစ်ဆေးတာလည်း မှတ်ပုံတင်နဲ့ လူလည်းကိုက်ညီမှုမရှိပါဘူး။ မှတ်ပုံတင်မှာက အသက် ၂၆ နှစ်လို့ ရေးထားတယ်။ တကယ်တမ်း ဒီလူက အသက် ၃၇ နှစ်လောက်ရှိနိုင်တယ်။ ဒါကြောင့် အတည်ယူလို့ မရဘူးဖြစ်နေတယ်” လို့ ပြောပါတယ်။

အဆိုပါစစ်ယူနီဖောင်းဝတ်ဆင်ထားသူဟာ မြိတ်မြို့ ကလေးဆေးရုံကြီးအပြင် တော်ဝင်ဆေးရုံ၊ မြင့်မိုရ်ဆေးရုံ၊ ရွှေသဖူဆေးရုံတွေကိုလည်း ၀င်ရောက်ခဲ့ပြီး ကလေးဆေးရုံကြီးနဲ့ တော်ဝင်ဆေးရုံတို့မှလည်း ပိုက်ဆံတွေ ခိုးယူခဲ့တယ်လို့ သိရပါတယ်။

“တော်ဝင် ဆေးရုံက အခန်းနံပါတ် ၂၀၃ မှာ ဗိုက်ခွဲမွေးနေတဲ့ ဒေါ်ခင်သန္တာညွန့်ဆီမှာ ငွေ ၁၀ သိန်း ခိုးယူသွားပါတယ်။ လက်ကိုင်အိတ်ကိုယူသွားတာဖြစ်တယ်။ လူနာက အိပ်ပျော်လုဆဲဆဲမှာ အခန်းထဲမှာ လာယူသွားတာပါ။ သူနာပြုတွေ လိုက်လံကြည့်ရှု ပေမယ့် လွတ်မြောက်သွားပါတယ်။ အဲဒီစစ်ယူနီဖောင်းနဲ့ လူက ဆရာဝန်တွေကိုင်တဲ့ နားကျပ်ကိုလည်း တပ်ထားတယ်” လို့ တော်ဝင်ဆေးရုံက သူနာပြုတဦးက ပြောပါတယ်။

အဆိုပါ စစ်ယူနီဖောင်းဝတ်အမျိုးသားဟာ သူတည်းခိုတဲ့ ဟိုတယ်ကနေ ဆိုင်ကယ်ကယ်ရီသမားကိုခေါ်ပြီး တက္ကစီကားအား ငှားခိုင်းခဲ့တာဖြစ်ပါတယ်။ အဲဒီ တက္ကစီကားသမားနဲ့ ဆိုင်ကယ် ကယ်ရီသမားကိုလည်း ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးနေတယ်လို့ သိရပါတယ်။

စစ်ယူနီဖောင်းနဲ့ ငွေလိုက်လံခိုးယူနေသူကို ဖမ်းဆီးရမိခြင်း မရှိသေးပေမယ့် မြိတ်မြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၃၈၀ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

မြတ်ထွဋ် ( မြိတ် )

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013