DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်း မြစိမ်းရောင်စီမံကိန်းရွာ ၁၃၀ ထပ်တိုးမည်၊ ဒေသဖွံဖြိုးရေး ကျပ်သန်း ၁ သောင်းသုံးမည်
DVB
·
June 17, 2017
စစ်ကိုင်း မြစိမ်းရောင်စီမံကိန်းရွာ ၁၃၀ ထပ်တိုးမည်၊ ဒေသဖွံဖြိုးရေး ကျပ်သန်း ၁ သောင်းသုံးမည်
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အခုနှစ်မှာ  မြစိမ်းရောင်စီမံကိန်းအတွက် ကျေးရွာ ၁၃၀ ကို ထပ်တိုးပြီး တစ်ရွာကို ကျပ်သိန်း ၃၀၀ နှုန်းနဲ့ ကျပ်သိန်းပေါင်း ၃၉၀၀၀ ကို ထောက်ပံ့သွားဖို့ရှိတယ်လို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကသိရပါတယ်။

မြစိမ်းရောင်စီမံကိန်းဝင်ကျေးရွာအတွက် အနည်းဆုံး အိမ်ခြေ ၈၀ ရှိရမှာဖြစ်ပြီး ကော်မတီဝင်တွေရဲ့သဘောဆန္ဒနဲ့ အတိုးနှုန်း ၅ မူးကနေ ၁ကျပ်ခွဲအတွင်းအဆင်ပြေသလို ငွေထုတ်ချေးနိုင်တယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှုး ဒေါ်အိခင်ညိုကပြောပါတယ်။

"စစ်ကိုင်းတိုင်းအတွင်းမှာ ရွာပေါင်း ၆ထောင်ကျော်ရှိတယ်။ ကျွန်မတို့အနေနဲ့ တစ်နှစ်ပြီးတစ်နှစ်ပေါ့နော် ရွာတွေတိုးတိုးပြီးတော့ ကူညီပေးနိုင်အောင်ဆောင်ရွက်နေတယ်။ အဓိကကတော့ ငွေချေးတယ်ဆိုပေမယ့် သူတို့ကို အရင်းအနှီးထုတ်ပေးလိုက်တဲသဘောပါ။ ကျေးရွာ ကော်မတီတွေအလျဉ်းသင့်သလို ငွေချေးတဲ့ကာလကို ၄လ၊ ၆လ၊ ၁နှစ် စသည်အားဖြင့် ချေးကြတာပေါ့။ ဌာနကိုတော့ တစ်နှစ်ကို တစ်ကြိမ်စာရင်းရှင်းရတယ်။ ရရှိလာတဲ့အတိုးတွေက ကျပ်သိန်း၁၀၀ကျော်ပြီဆိုရင် ကျေးရွာလူထုရဲ့သဘောဆန္ဒအရ ၅၀ ရာခိုင်နှုန်းကို ကျေးလက်ဖွံ့ဖြိုးရေးတွေမှာ သုံးစွဲခွင့်ပြုထားပါတယ်။"လို့ ဒီဗွီဘီကိုပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၁၅ ဘဏ္ဍာနှစ်က ရွာပေါင်း ၁၆၃ ရွာ၊ ယူနစ် ၁၄၄ ခုနဲ့စတင်ခဲ့တာဖြစ်ပြီး ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှာ ၃၈၄ ရွာ၊ ၃၄၉ ယူနစ်၊ ၂၀၁၆-၁၇ မှာ ၁၇၁ ရွာ၊ ၁၅၃ ယူနစ် စုစုပေါင်း ၇၁၈ ရွာ၊ ၆၄၆ ယူနစ်တို့ကို ကူညီထောက်ပံ့ခဲ့ပြီး အခုဆို ၄ နှစ်ရှိပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အခုဘဏ္ဍာနှစ်မှာ စစ်ကိုင်းတိုင်းအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် နိုင်ငံတော်ဘက်ဂျက်နဲ့ တိုင်းဒေသကြီးအစိုးရရံပုံငွေ ၂ ရပ်ပေါင်း ကျပ်သန်းပေါင်း ၁ သောင်းနီးပါး သုံးစွဲသွားမယ်လို့ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရပါတယ်။

တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနက ဒုညွှန်ကြားရေးမှုး ဒေါ်အိခင်ညိုက  "နိုင်ငံတော်ဘက်ဂျက်က လုပ်ငန်းအမျိုးအစား ၁၄ မျိုးအတွက် ကျပ်သန်းပေါင်း ၇၁၁၄.၁၁၄၀ နှင့် တိုင်းဒေသကြီး အစိုးရရံပုံငွေထဲက လုပ်ငန်းအမျိုးအစား ၄ မျိုးအတွက် ၂၈၆၉.၃၀၄၀ ကျပ်သန်း စုစုပေါင်း ၉၉၈၃.၄၁၈၀ ကျပ်သန်းကို သုံးစွဲသွားမှာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေက နာဂဒေသ အပါအဝင် မြို့နယ်အားလုံးမှာဆောင်ရွက်သွားမှာပါ။ ရရှိတဲ့ဘက်ဂျက်အပေါ်မူတည်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးတွေကိုဆောင်ရွက်သွားမှာပါ"လို့ဒီဗွီဘီကိုပြောပါတယ်။

ဒီနှစ်မှာ ဘက်ဂျက်ရရှိမှုက အရင်နှစ်ကထက်လျော့နည်းခဲ့ပြီး အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေအတွက်ကိုသာဘက်ဂျက်အပေါ်မူတည်ဆောင်ရွက်နေရတာဖြစ်တယ်လို့လည်းဆိုပါတယ်။

ကျေးရွာမီးလင်းရေးတွေအတွက်လည်း ဆိုလာစနစ်တွေနဲ့ ဆောင်ရွက်ပေးနေပြီး ပြည်သူတွေရဲ့ ထည့်ဝင်မှု ၁၀ ရာခိုင်နှုန်းနှင့် ကျန်တာကို အစိုးရက ဖြည့်ဆည်းကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက်ဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်။

စစ်ကိုင်းတိုင်းအတွင်းမှာ ကျေးရွာပေါင်း ၆ထောင်ကျော်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့နေရာများစွာကျန်ရှိနေသေးသလို လျှပ်စစ်မီးမရရှိသေးတဲ့ ကျေးရွာတွေလည်းများစွာ ကျန်ရှိနေပါသေးတယ်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်ကစတင်ပြီး ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာရဲ့ အကူအညီတွေနဲ့ တိုင်းနှင့် ပြည်နယ်အလိုက်မြို့နယ်တွေရွေးချယ်ကာ ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် လူထုဗဟိုပြုစီမံကိန်းတွေကိုလည်း ဆောင်ရွက်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013