
မကွေးတိုင်းဒေသကြီး မကွေးမြို့အခြေစိုက် သတင်းသမား ၃ ဦးနဲ့ ချောက်မြို့အခြေစိုက် သတင်းထောက် ၁ ဦးတို့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆိုခံထားရပါတယ်။
မကွေးအခြေစိုက် MGY ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးတင်ရွှေ(မင်းဘူး)၊ သတင်း ထောက် မဖူးပွင့်နေခြည်နဲ့ ဒီမိုကရေစီတူဒေး မကွေးအခြေစိုက်သတင်းထောက် မဇာဇာစန်းတို့ကို မယ်လှတောင်ကျေးရွာအုပ်ချုပ်ရေးမှူးက ပုဒ်မ ၆၆ (ဃ) နဲ့ အမှုဖွင့်ထားတာဖြစ်ပါတယ်။
MGY ဂျာနယ် တာဝန်ခံအယ်ဒီတာ ဦးတင်ရွှေ(မင်းဘူး) ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ မေ ၂၈ ရက်က ရေးသားခဲ့တဲ့ ပို့စ်တစ်ခုနဲ့ ပတ်သက်လို့ တရားစွဲဆိုတာဖြစ်ပြီး မဇာဇာစန်းကိုတော့ comment ပေးလို့ဆိုပြီး တရားစွဲဆိုထားတာဖြစ်ပါတယ်။
အယ်ဒီတာ ဦးတင်ရွှေက “ကျနော်တင်လိုက်တဲ့ ပို့စ်က တိုင်းဒေသကြီးက အုတ်သဲကျောက်တွေ ပိတ်ထားတယ်။ အဲဒါ အုတ်တွေလုပ်တယ်၊ တရားမ၀င်။ အဲဒီအုတ်တွေလုပ်တာရယ်၊ ဒီကမ်းနားက ဒေသခံတွေပြောတဲ့ အပင်တွေပေါ့ဗျာ။ သူတို့က ဘူဒိုဇာနဲ့ ထိုးဖို့လုပ်တာ။ သူတို့ရောက်တော့ ဘူဒိုဇာမထိုးရဘူး ပြောတော့ ဘူဒိုဇာသမားကလည်း ပြန်သွားတယ်။ အဲဒီအပင်တွေကလည်း မြင်းကင်းကျေးရွာအတွက် ကမ်းပါးပြိုတာ၊ မြစ်ရေတိုက်စားတာ လေတိုက်တာကို ကာကွယ်ထားတဲ့အပင်တွေလို့ ဒေသခံတွေက ပြောတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျနော်က ပို့စ်တင်လိုက်တာ။ ပို့စ်တခုမှာတော့ ကျနော်က မယ်လှတောင်အုပ်စု မင်းကင်းကျေးရွာ သင်္ဘောဆိပ်ကျေးရွာလို့ မထည့်မိဘူး။ အဲဒီသင်္ဘော ဆိပ်ကျေးမပါလို့ပေါ့ဗျာ။ စွဲတာ။ မယ်လှတောင်အုပ်ချုပ်ရေးမှူးက။ ”
တရားစွဲတဲ့ မယ်လှတောင်အုပ်ချုပ်ရေးမှူး ဦးဌေးလွင်ရဲ့ တိုင်ကြားစာမှာတော့ သက်ဆိုင်ရာဌာန ဆိုင်ရာအဖွဲ့အစည်းထံ အကြောင်းကြားတင်ပြပြီး ကျေးရွာသူ/သားတွေ လွယ်ကူစွာသွားလာနိုင်ဖို့ ယခင်လမ်းဟောင်းကို အသစ်ပြန်လည်ချဲ့ထွင်ပြုလုပ်နေစဉ် မကွေးမြို့ MGY ဂျာနယ်မှ ဦးတင်ရွှေ၊ မဇာဇာစန်း၊ မဖူးပွင့်နေခြည်တို့ ရောက်ရှိလာပြီး သတင်းရ ယူရန်ပြောဆိုကာ သူတို့က ပြုပြင်နေတဲ့လမ်းမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်တဲ့အတွက် လုပ်ငန်း ရပ်ဆိုင်းဖို့ မရပ်ဆိုင်းပါကသတင်းတင်မယ်လို့ ပြောဆိုခဲ့တာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဌေးလွင်က သတင်းတင်လျှင် မှန်မှန်ကန်ကန်တင်ပြရန်ပြော ဆိုခဲ့ရာ သူတို့ ၃ ဦးပြန်သွားခဲ့တယ်လို့ ဖော်ပြပါတယ်။
မေ ၂၈ မှာ တင်ရွှေ (မင်းဘူး) ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ မမှန်မကန် သတင်းတင်ပြခြင်း၊ မဇာဇာစန်းကလည်း မဖြစ်သင့်တာတွေပါလို့ comment ရေးသားခဲ့တဲ့အပြင် မယ်လှတောင်ကျေးရွာအုပ်စု သင်္ဘောဆိပ်ကျေးရွာမှာ ပြုလုပ်တာကို မြင်းကင်းကျေးရွာလို့ အမည်အလွဲသုံးစားပြုလုပ်ပြီး မမှန်မကန် ပြုလုပ်ခဲ့တဲ့အတွက် ဆက်သွယ်ရေးကွန်ရက်ကို အသုံးပြုပြီး ကျေးရွာ အုပ်ချုပ်ရေးအဖွဲရဲ့ ဂုဏ်သိက္ခာညှိုနွမ်းအောင် ပြုလုပ်သည်ဟုဆိုကာ ၆၆ (ဃ) နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
မကွေးအမှတ် ၂ ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားတာလို့ အမှုစစ် ဒု-ရဲအုပ် ဇော်မင်းဦးက ပြောပါတယ်။
“သူတို့ကိုဆက်သွယ်ရေးပုဒ်မနဲ့ စွဲထားပါတယ်။ အဓိကကတော့ သူတို့ဖေ့စ်ဘွတ်ခ်ပေါ်မှာ ဂုဏ်သိက္ခာညှိုးနွမ်းတဲ့ အကြောင်းအရာတွေ တင်တယ်ပေါ့ဗျာ။ အခုသူတို့က ခရီးလွန်နေလို့ ဒီတရက်နှစ်ရက်တော့ရောက်မယ်လို့ပြောတယ်။ ကျနော်သူတို့ကို အဲဒီက ပြန်ရောက်ရင် ဒီလိုလာဖို့ ချိန်းထားပါတယ်။ ”
လူမှုကွန်ရက်မှာတင်လို့ တရားစွဲဆိုခံရတဲ့ပေါ် ပြန်လည်ရင်ဆိုင် ဖြေရှင်းသွားမှာဖြစ်တဲ့အကြာင်းနဲ့ ခုချိန်ထိတော့ ရဲက ခေါ်ယူစစ်ဆေးခြင်းမရှိသေးဘူးလို့ အယ်ဒီတာ ဦးတင်ရွှေက ပြောပါတယ်။
မှတ်ချက်ပေးလို့ဆိုပြီး တရားစွဲဆိုခံထားရသူ ဒီမိုကရေစီတူဒေးသတင်းထောက် မဇာဇာစန်းကလည်း “ဒီတချို့ကိစ္စတွေက ဌာနဆိုင်ရာတို့ အကြီးအကဲတို့ သတင်းသမားတွေကို ကျယ်ကျယ်ပြန့်ပြန့် မဖော်ပြစေချင်တဲ့အကြောင်းတွေရှိတယ်လေ။ အဲဒီအပေါ်မှာ ကျမတို့အနေနဲ့ သဘောရိုးလေးပေါ့။ ဒါတွေဒါတွေတော့ရှိပါတယ် တင်ပြတာတွေရှိတယ်လေ။ ဆရာ ဦးတင်ရွှေရေးတဲ့ ပို့စ်ကလည်း မည်သူတဦး တယောက်ကိုမှ စွပ်စွဲထားတာမရှိဘူး။ သို့လွှတ်တော်ကိုယ်စားလှယ်များဆိုပြီး အကြီးအကဲသူတွေကို ဒီအောက်ခြေမှာ ဘယ်လိုကိစ္စမျိုးတွေ ဖြစ်ပျက်လဲဆိုတဲ့ ဟာကို တင်တာ။ ကျမတို့ လည်းရောက်ခဲ့တယ်။ ဒါအမှန်တရားဖြစ်တဲ့အတွက် အောက်နေပြီး မဖြစ်သင့်တာတွေပါ ဆိုတဲ့ comment တခုထဲနဲ့ အစွဲခံရတာပါ။ ”လို့ ပြောပါတယ်။
အလားတူပဲ ချောက်မြို့နယ်က MGY သတင်းထောက် ကိုဒီလှိုင်းဆိုသူကိုလည်း သူ့ရဲ့လူမှု ကွန်ယက်စာမျက်နှာမှာ သစ်ကိစ္စဖော်ပြမှုအတွက်လည်း ၆၆ (ဃ)နဲ့ အမှုဖွင့်ခံ ထားရပါတယ်။











