
တပ်မတော်လေယာဉ် Y-8 ပျက်ကျရာ ရေပြင်မှာ လေယာဉ်အမြီးပိုင်းအား ရှာဖွေတွေ့ရှိခဲ့ပြီလို့ သွားရောက်ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ မြိတ်အခြေစိုက်ငါးဖမ်းလှေအုပ်စုက ပြောပါတယ်။
လေယာဉ်ပျက်ကျရာကို မြိတ်အခြေစိုက်ငါးဖမ်းလှေအုပ်စုဖြစ်တဲ့ ငွေဇင်ယော်၊ ပြည့်ဖြိုးထွန်း၊ ထူးထူးတိုး ကုမ္ပဏီတွေက ငါးဖမ်းလှေ ၁၈ စီးမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေစဉ် ဇွန် ၁၅ ရက် ညနေ ၃ နာရီမှာ လေယာဉ်အမြီးပိုင်းအား ရှာဖွေတွေ့ရှိခဲ့တယ်လို့ ငါးဖမ်းလှေနဲ့ အတူလိုက်ပါသွားသူတွေက ပြောကြားခဲ့ပါတယ်။
ငါးဖမ်းလှေ အုပ်စုတာဝန်ခံ ဦးလတ်ကီးက “ညနေပိုင်းမှာ ကျနော်တို့ ငါးဖမ်းပိုက်ကို ပင်လယ်ပြင်အတွင်း တရွတ်ဆွဲပြီး လိုက်လံရှာဖွေပေးနေခဲ့ပါတယ်။ ရေအနက်က ၃၅ မီတာ လောက်ပဲရှိမှာပါ။ ပိုက်ဆွဲနေတုန်းမှာပဲ ရေအောက်ကြမ်းပြင်မှာ ကြီးမားတဲ့အရာဝတ္ထုတခုခုနဲ့ ငြိသွားတဲ့ပုံစံမျိုး ဖြစ်ခဲ့တယ်။ သိပ်မကြာဘူး၊ ငြိတဲ့နေရာပတ်ဝန်းကျင်မှာ ဆီကွက်တွေ တွေ့ရတယ်။ မသင်္ကာလို့ ရေအောက်ငုပ်တဲ့အဖွဲ့ကို ဆင်းကြည့်ပြီး ပိုက်ကိုသွားရှင်းခိုင်း လိုက်တယ်။ လေယာဉ်အမြီးပိုင်းဖြစ်နေတာကို သိလိုက်ရတယ်။ အဲဒါနဲ့ ကျနော်တို့လည်း သက်ဆိုင်တဲ့ တာဝန်ရှိသူတွေကို ချက်ချင်း အကြောင်းကြားပေးလိုက်ပါတယ်” လို့ ပြောပါတယ်။
လေယာဉ်ပျက်ကျပြီးနောက် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ငါးဖမ်းလှေတွေကြောင့် သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို အဓိကတွေ့ရှိခဲ့ရပြီး ဇွန် ၁၅ ရက် ညနေပိုင်းအထိ ရုပ်အလောင်း ၉၀ လောင်းရှာဖွေတွေ့ရှိထားပြီလို့ သိရပါတယ်။
ပျက်ကျသွားတဲ့ Y 8 တပ်မတော် ပို့ဆောင်ရေး လေယာဉ်နဲ့ ပက်သက်လို့ ရှာဖွေမှုတွေ ပြုလုပ်ရာမှာ ဇွန် ၁၅ ရက်နေ့ ညနေ ၅ နာရီကျော်လောက်က ပျက်ကျသွားတဲ့ လေယာဉ်ရဲ့ အစိတ်အပိုင်းကိုရှာဖွေ တွေ့ရှိခဲ့တယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကလည်း အတည်ပြု သတင်းထုတ်ပြန်ထားပါတယ်။
ပင်လယ်ပြင်အတွင်း ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတဲ့ အောင်သုခ ဒေသခံ ငါးဖမ်းစက်လှေဟာ ထားဝယ် မြင်းခွာအော်ကနေ အနောက်ယွန်းယွန်း (မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၃၁ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၈ ဒီဂရီ) နေရာမှာ ငါးဖမ်းပိုက်နဲ့ တရွတ်ဆွဲနေတုန်း ရေအောက်ပိုက်မှာ တစုံတခုနဲ့ ငြိနေကြောင်း သတင်းပေးပို့ခဲ့တယ်လို့ဆိုပါတယ်။
သတင်းပေးပို့ချက်အရ အဲဒီနေရာမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ စစ်ရေယာဉ် ၂ စီးက ရေအောက်ရှာဖွေရေး ကရိယာ ဆိုနာနဲ့ အတည်ပြုပြီး ရေငုတ်စစ်သည်တွေက အနက် ၃၅ မိနစ်လောက်မှာ ပျက်ကျလေယာဉ် အစိတ်အပိုင်းကို ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
အစိတ်အပိုင်းဟာ ပျက်ကျ Y 8 လေယာဉ်အမှတ် ၅၈၂၀ အမှတ်အသားပါရှိတဲ့ လေယာဉ် အမြီးပိုင်းဖြစ်ပြီး ရှာဖွေရေး လုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
သတင်း- မြတ်ထွဋ် (မြိတ်)
ရုပ်သံ- ကာချုပ်ရုံး
ဓာတ်ပုံ-ကာချုပ်ရုံး











